အချိုပေါ်သကာရည်လောင်း

ငါ့အလောင်းကို

ခြောက်ထပ်ဆွဲချ

မိုးသည်းညဆိုတာ

ဘီလူးကကြိုးတွေပါ။


ခတ်တိုင်းလည်း

အိုး..မကောင်းနိုင်ဘူး

ပွင့်ခဲ့ပေါ့ငါ့ရင်

မင်းကတော့

မြင်ချင်မှမြင်မှာ။


ပဉ္စလက်ဆန်

မင်းအပြုံးတွေကြား

ငါ့ဝိဥာဉ်ခိုနားနေတုန်း

ဗြုန်း…ဆို

ဘီလူးဆိုင်းတီးခဲ့ပြန်ပေါ့။


စေလိုရာညွှန်

ထားလိုရာထား

မင်းကြိုးဆွဲတိုင်းကမယ့်

ငါ....

ရုပ်သေး မဟုတ်ဘူး။


လွတ်မြောက်စွာ

ပျံသန်းချင်လို့

မင်းဆိုတာ ငါ့မြေပုံပေါ်

ဂူသွင်းခဲ့ပါရစေ။


ဒီကဗျာက အချုပ်ခံရလွန်းတဲ့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေကိုယ်စားပါ။

ဝါး…..

ဟာ မေ့နေတယ်

အသက်ရှင်ရင်းနဲ့ သေနေလိုက်တာများ

သက္ကရာဇ်တွေတောင် ချီလို့

လူအတွက် ငွေကအရေးကြီးဆုံးတဲ့

ငါ့မှာတော့ အိပ်လို့ကောင်းတုန်း

ပိုက်ဆံ တစ်ကျပ်လောက်နဲ့

အိပ်ချိန် တစ်စက္ကန့်ဝယ်ကြည့်ဦးမှ၊


ပိုက်ဆံသာမရှိတာ

အိပ်မက်တွေက ရိုက်သတ်လို့မကုန်သေး

ခွေးမြီးကောက်ကို တော့ အိပ်ချိန်ပျက်ခံပြီး

ကျည်တောက်မစွပ်ဘူး

အာဝါဒါး တွေလုပ်လိမ့်မယ်။


အမေ့သားလည်း အမြဲမလင်းနိုင်ပါဘူး

တစ်ခါတစ်လေတော့လည်း

ဓားမနောက်ပိတ်ခွေး ပေါ့...

ပြိုင်ပွဲတိုင်းမှာ တစ်ရဖို့ထက်

သန့်ချင်နေတော့

ခံရတာတောင်နဲသေးသတဲ့

ကိုရွှေဒိုင်လူကြီးက


လီဆယ်ပုံပြင်တွေကြောင့်

ယုန်တောင်လိပ်ကိုရှုံးတယ်

ကဲပြော

ဘယ်သူ့ကိုယုံရမှာလဲ…

လျင်တာနဲ့ လိမ်တာမှားမှားနေကြတော့လည်း

အိပ်မက်တွေပဲနားအေးတယ်….

ဝါး…..

ကုန်းလေတွေခတ်ပေါ့

ရွက်တွေကို ဖြုတ်လေ

မြူမှုန်တွေကြား

လင်းဝေလိုက်စို့။


ရင်က အငွေ့တွေ

အပြင်ကို လွှတ်လေ

အဖြူ တွေကြား

ပေါ့ပါးကြစို့။


နှင်မြူတွေကြား

ဆောင်းရဲ့ ဂီတ

ငါတို့ အတူ

သီကုံးကြစို့။


မေမေက ဖေဖေဟာ စာအုပ်တွေအများကြီးရေးသည်လို့ဆိုတယ်။ ကျွန်တော်ဖြင့် သူဘာရေးတယ်ဆိုတာ မသိပါဘူး။

ဖေဖေက မေမေ့ကို တစ်ညနေလုံးဖတ်ပြနေတယ်။ ဒါပေမယ့် သူဘာဆိုလိုသည်ကို မေမေတကယ်သိပါစ။

မေမေဟာ အင်မတန်ကောင်းတဲ့ ပုံတွေပြောတတ်တယ်။ ဖေဖေဟာ အဲဒါမျိုးမရေးတာ ကျွန်တော်ဖြင့် အံ့ပါရဲ့။

ဖေဖေဟာ သူ့အမေထံမှ ဘီလူးတွေ၊ နတ်သမီးတွေ၊ မင်းသမီးတွေအကြောင်း ပုံကောင်းတွေကို မကြားခဲ့ရဘူးတဲ့လား။

ဖေဖေဟာ အဲဒါတွေကို မေ့ကုန်ပြီတဲ့လား။

မကြာခဏ ဖေဖေဟာ ရေချိုးဖို့နောက်ကျတဲ့အခါ မေမေကအခါတစ်ရာမက သွားခေါ်ရတယ်။

မေမေကတော့ စောင့်ပြီှးထမင်းဟင်းတွေနွေးထားရတယ်။

ဖေဖေကဖြင့် တစ်ရေးတည်းရေးကာ မေ့နေတာပဲ။

ဖေဖေဟာ စာအုပ်လုပ်တမ်းချည်း အစဉ်ကစားနေတယ်။

ကျွန်တော်ဖေဖေ့အခန်းကို သွားကစားရင် မေမေက လာခေါ်ပြီး ဆိုတော့တာပဲ။ ‘ဟဲ့ လူရှုပ်ကလေး။’

ကျွန်တော် နည်းနည်းကလေးအော်မိရင် မေမေဆိုတယ်။ ‘ဟဲ့ကောင်ကလေး နင့်အဖေ အလုပ်လုပ်နေတာ မသိဘူးလား။’

စာတစ်ရေးတည်းရေးနေတာ ပျော်စရာလိုက်လို့။

ကျွန်တော်ဟာ ဖေဖေ့ ကလောင်၊ ခဲတံစသည်ကိုကိုင်ပြီးတော့ သူ့လိုပဲ က ခ ဂ ဃ င စသည် ရေးသောအခါ မေမေဟာ ဘာပြုလို့ ကျွန်တော့်ကို စိတ်ဆိုးရတာလဲ။

ဖေဖေသာရေးရင် မေမေတစ်ခွန်းမှ မပြောဘူး။

ဖေဖေဟာ စာရွက်တွေတစ်ပုံကြီး ဖြုန်းတီးပစ်တဲ့အခါ မေမေဘယ်လိုမှမပြောဘူး။

ကျွန်တော်သာ စာတစ်ရွက်လောက်ယူပြီးတော့ လှေလုပ်ပါရင် မေမေဆိုတာပဲ။ `လူကလေး တယ်ဒုက္ခပေးတာကိုး။’

ဖေဖေဟာ စာရွက်တွေ အထပ်လိုက်အထပ်လိုက် အနက်ရာတွေ နှစ်ဘက် အပြည့်ရေးပြီး ဖြုန်းတီးပစ်တာကိုတော့ မေမေ ဘယ့်နှယ်သဘောရပါသလဲ။

မှတ်ချက်။ ။ အထက်ပါကဗျာကို အများသူငှာ ခံစားစေလိုသောကြောင့် မောင်ဖြူ၊ ဇော်ဂျီ၊ မင်းသုဝဏ် ရေးသားသော ရာဘင်ဒြာနသ် တဂိုးစာပဒေသာ ဆန်းစသော်တာ ကဗျာစုမှ ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။

သြော် …ငါမသိလိုက်ပါဘူး

မင်း… ငါ့ရင်ဘတ်ထဲ ရောက်လာခဲ့

တစ်စက္ကန့်လေးပါပဲ

ငါ့ရင်တစ်ခြမ်း ဗြောင်းဆန်နေခဲ့ပေါ့။


ငါ့နှလုံးသားက ငတ်မွတ်လို့

မင်းအချစ် တစ်ပေါက်တောင့်တခဲ့

အပေါစားဆန်တယ်လို့တော့ မစွပ်စွဲလိုက်ပါနဲ့

ငါတစ်ကယ် လေဟာနယ် ထဲရောက်နေခဲ့ပေါ့။


တန်ဖိုးရှိတဲ့ အချစ်ကိုအချိန်ဆိုတာနဲ့

မင်းဘယ်လိုအချိုးချမလဲ

အိုင်းစတိုင်းတောင် လိုက်မမှီနိုင်တဲ့

သီအိုရီသစ်ပေါ့။


တစ်ခါမှမဖြစ်ဘူးတဲ့ စိုးရိမ်ခြင်းမျိုးပါ

လူ့ဘီလူးတွေ နုယဉ်တဲ့ရိုးသားခြင်းကိုနင်းချေသွားမှာ..

တစ်ခါမှမချဘူးတဲ့ ငါ့မာနကိုပဲ

မင်းပျော်တယ်ဆိုလည်း ရိုက်ချိုးသွားပေါ့။


ငါကဗျာရေးဖို့ မင်းကိုချစ်ခဲ့တာ မဟုတ်ပါဘူး

မင်းကိုယ်တိုင်က ငါ့ဘဝအတွက်

ထာဝရ ကဗျာတစ်ပုဒ်ပေါ့။

စီးကရက်တစ်လိပ်လို အချိန်တွေကိုရှိုက်ဖွာ

ငါ့သွေးကြောထဲ နောင်တတွေစိမ့်ဝင်ခဲ့၊


သူများအတွက်လင်းပေးခဲ့တဲ့ကောင်ပါ

ငါ့ကိုယ်ငါလောင်ကျွမ်းနေမှန်းမသိခဲ့၊


ဒီလိုပါပဲ ဘဝဟာ မြစ်တစ်စင်းတဲ့

ငါကတော့ ကျောက်ဆောင်လိုပဲ ကျင့်နေခဲ့၊


မာယာများတဲ့ သမုဒ္ဒရာထဲ

သေတောင် မစီးဆင်းဘူး…