လေးထောင့်စပ်တဲ့အပြုံးတစ်ခု

ဖန်သားပြင်ပေါ်က ပြုတ်ကျ

အားလုံးလှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြပြီ။


မျက်ရည်တုနဲ့ရောစပ်ထားတဲ့

အပေါစားငိုချင်း

ဟိုသတင်း နောက်မှာပါလိမ့်မယ်။


အတုတွေထဲမှာ ပျော်နေရတဲ့ကျွန်တော်

အစစ်ကိုတောင် အတုလို့ထင်မိ

ဂရုမပြုခြင်းနဲ့ အရှက်ဖြေပါရစေ။


မျက်နှာဖုံးတွေချွတ်ကြ

မျက်နှာဖုံးတွေကျွတ်ကြ

ဘဝဇာတ်ခုံပေါ်မှာ

ဝရုန်းသုန်းကား

သူတို့ကိုယ်တိုင်

လုံးပါးပါးနေတာကိုတော့ မသိ...


ဒီမှာ....

အပေါ်ယံအရေပြားကိုခွာချ

လောကကြီးကို လှလှပပ ပြုံးပြလိုက်စမ်းပါ

ဖိုက်...

ဖိုး...

သရီး...

တူး...

ဝမ်း...

ဒီလမ်းမှာပဲ

စိန်ပန်းတွေ ရဲကနဲပွင့်ခဲ့

ဒီလမ်းမှာပဲ

သူရဲကောင်းတွေရဲ့သွေး နီစွေးခဲ့တယ်


ဒီလမ်းပါပဲ

အင်္ဂလိပ်စစ်ဖိနပ်အောက်လည်းရောက်ခဲ့

ဂျပန် ကင်းဘတ်နဲ့လည်း အနင်းခံခဲ့တယ်


ဒီလမ်းမှာပဲ

မျိုးချစ်စိတ်နဲ့ လူငယ်တွေ

မြေကဗ္ဗလာမှာ ခြေဗလာနဲ့ နေရာမရှိအောင်

တိုက်ထုတ်ရင်း

ကျွန်ဘဝက လွတ်ခဲ့တယ်


ဒီလမ်းမှာပဲ

ဝိဝါဒတွေကွဲလွဲ

လူမျိုးအချင်းချင်းလည်း

ချနင်းခံခဲ့ရတယ်


အခုအချိန်အထိ

ထောင်ချီတဲ့ဝိဥာဉ်တွေချီတက်

ငတ်တလှည့် ပြတ်တလှည့်နဲ့

နောက်တက်မယ့် လူငယ်တွေအတွက်

ရင်းနေဆဲပဲ။

ကြွေဝဲတဲ့သစ်ရွက်တစ်ရွက်လို

ငှက်တောင်မွှေးတစ်စလို

စက္ကူလေယာဉ်ပျံလို

စွန်တစ်ကောင်လို

တိမ်တစ်မျှင်လို

လေကိုခွင်းရင်း

ဒီဝေဟင်ထဲ

ပျော်မြူးစွာ

ပေါ့ပါးစွာ

ပျံသန်း

လိုက်

မယ်...

ဖြစ်နိုင်ရင်လေ မိုင်တွေကိုချုံ့

မြေပုံပေါ်မှာ မတ်တပ်ရပ်ရင်း

ထိုမြို့ကို လှမ်းလျှောက်လိုက်ချင်ရဲ့...


မပြည့်စုံတဲ့ဘဝ

လိုတမရတဲ့ဘဝထဲ

မလာပါနဲ့လို့လည်း မပြောရက်ဘူး..


မဖြစ်နိုင်မှန်းသိရက်နဲ့လည်း

လိုချင်တယ်

အမေရယ်

ထမင်းဆီဆမ်း တစ်ပန်းကန်လောက်

ကျွန်တော့် လမင်းဆီကတောင်းပေးပါဗျာ....


သွေးအေးလွန်းတဲ့ရက်တွေ

ရေခဲတောင်ပေါ်ကပျော်ကျလာရင်း

ကျွန်တော့် ရင်ဘတ်ကို

တိုက်စားသွားတယ်။

တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လို့ပေါ့။


နေ့နဲ့ည မှားနေတာလည်းများပြီ...

ဒါတောင် အလင်းငတ်တုန်း။


“လွမ်းတယ်....” ဆိုတဲ့

စကားလုံးထက်ကောင်းတာရှိရင်

ကျွန်တော့် အဘိဓာန်ထဲမှာ

ရေးမှတ်ထားလိုက်မယ်။

တစ်နေ့နေ့မှာ

သူမကို

ရွတ်ပြလိုက်ဖို့ပေါ့။

မွဲခြောက်ခြောက်လူတွေကြား လျှောက်သွားရင်း

ဒေါင်ကျကျ ပြားကျကျ

လမ်းမကပြောတယ်

အလျားလိုက် မကျစေနဲ့တဲ့။


ဂဏန်းသွားသွားတဲ့

လူတစ်ယောက်နဲ့

ခလုတ်ဝင်တိုက်တော့

သူက “ဟေ့လူ ဘာလို့အတည့်သွားနေတာလဲ” တဲ့။


ဆက်လျှောက်လာရင်း

တံငါသည် တစ်ယောက်နဲ့တွေ့တော့

သမုဒ္ဒရာကြီးကို စုပ်ထုတ်ပြီး

ငါးလိုက်ကောက်မလို့ တဲ့။


ဒါနဲ့ ရုပ်သေးကြိုးဝိုင်း ဝင်ကြည့်မိရဲ့

လူတွေကို ကြိုးတပ်ပြီး ကတဲ့

ရုပ်သေးဆရာ သူ့ကြိုးနဲ့သူ့ကိုပြန်ပတ်နေတာ

သူမသိလိုက်ဘူး။


ဈေးသည်တွေရဲ့ ဗန်းထဲမှာလည်း

ကုမ္ပဏီတွေပုံလို့

၁၀၀ ဖိုးကို ၃ ခုဆိုလား...

“ပူပူနွေးနွေး ယူဦးမလား အစ်ကို” တဲ့။


အချုပ်ထောင်နားရောက်တော့

လှောင်ချိုင့်ထဲက တရားသူကြီးက

“လုပ်ပါဦးကွာ ငါလာဘ်ယူမှုနဲ့

ထောင်ကျနေလို့ကွ” တဲ့။


ဆံသဆိုင်ထဲမှာတော့

ဦးနှောက်တွေ

အစုလိုက် အပုံလိုက်

သွေးအေးအေးနဲ့

အညှပ်ခံနေရတယ်။


ဒါနဲ့ ကမ်းစပ်မှာခဏထိုင်နေတုန်း

မိတ်ကပ်လိမ်းထားတဲ့ ပွဲတော်တွေ

ငါ့နောက်က

တသုတ်ပြီးတသုတ်

ရယ်လိုက်၊ ငိုလိုက်နဲ့

လျှောက်သွားကြတယ်။


ငပေမလေးရယ်

ငါလမ်းမကို ငုံပြောလိုက်တယ်

ဒေါင်လိုက်ရယ် အပြားလိုက်ရယ်

ငါ့ကိုယ်ငါ လွှတ်ချလိုက်တော့မယ်လို့။

တိုက်ပိတ်ခံရလို့ အလင်းပျောက်ပြီး မှောင်မိုက်နေတဲ့ ငါ့အခန်းထဲက ထောင့်တစ်နေရာမှာ ခေါင်းငိုက်စိုက်ချပြီး ထိုင်နေတုန်း....


အလင်းတန်းတစ်ခု အခန်းအပေါက်လေးထဲက ငါ့မျက်နှာပေါ်ကျလာတယ်....


အလင်းရောင်မထိတာကြာလို့ ကျိန်းစပ်နေတဲ့မျက်လုံးကို လက်နဲ့ကာပြီး အလင်းတန်းဆီကို ကြိုးစားကြည့်မိတယ်....


မျက်လုံးကိုပွတ်ပြီး သေချာကြည့်တော့မှ အစိမ်းရောင်နတ်သမီးတစ်ပါး အပြုံးလေးတစ်ပွင့်နဲ့ ငါ့ကိုငုံ့ကြည့်နေလေရဲ့.....


ဒီခဏတာလေးကို စောင့်နေရတာ နာရီတွေထောင်ချီနေပြီလေ...


သူမကို ဘယ်လောက်အထိစောင့်နေရလဲ စကားတွေအများကြီးပြောဖို့ ကြိုးစားပြီး အသံထွက်တယ်....


ဒါပေမယ့် နှစ်ပေါင်းများစွာ တစ်ယောက်တည်းပဲနေလာတော့ စကားသံ ချက်ချင်းမထွက်ဘူး....


အဲဒီအခိုက်အတန့်မှာပဲ သူမ အလင်းနဲ့အတူ ပျောက်ကွယ်သွားပြန်တယ်.....


ဘာပဲပြောပြော ငါကျေနပ်တယ်.....


ဒီအခိုက်အတန့် တွေ့ဖို့အတွက် ငါဘဝနဲ့ချီပြီး ရင်းထားတာလေ....


ဘာနဲ့မှ မလဲနိုင်တဲ့ တဒင်္ဂအတွက် ငါ့နာရီတွေ စတေးရင်း အလုံပိတ်အခန်းလေးထဲမှာ ဆက်စောင့်နေမှာပါ....


အမှောင်ထဲကဲ ငါ့မျက်နှာမှာတော့ အပြုံးတစ်ပွင့် လက်ခနဲ.....


တစ်ယောက်က လက်ဖဝါးဆို...

တစ်ယောက်က လက်ဖမိုး...

ဒီလိုမို့ လောကမှာ

ဘယ်သူ့ဘယ်သူမှ

မတူတာကိုး။


တစ်ရွာလုံးနဲ့တစ်ယောက်မကလို့....

တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်ပစေ၊

လွှင့်ပစ်လိုက်မယ် မိုးခါးရေ…


သူများပဒိုင်းသီးစားလို့

ခင်ဗျားလိုက်စားရင်၊

အရူးတွေက ကဲ့ရဲ့လိမ့်မယ်...


ဆရာလုပ်ချင်လား...

သွားလိုက်ပါ စာသင်ကျောင်း၊

ဒါဘဝကွ

ငါ့နှလုံးသားနဲ့ငါ ကျောင်းမယ်....


ပုစ္ဆာမတွက်ခင်

အဖြေကြည့်တဲ့လူကို ငါမုန်းတယ်။

အဲလိုပဲ....

ဘာမှန်းမသိခင် တဆိတ်

နိဂုံးမချုပ်ချင်ပါနဲ့...


အသက်အရွယ် ပညာအရည်အချင်း

အလုပ်အကိုင် ငွေကြေးချမ်းသာ...

ဒီ ပညတ်ချက်တွေထဲက ရုန်းမထွက်နိုင်ရင်

ရုန်းလိုက်ဦးပေါ့ ဦးနှောက်နွံ

လှုပ်လေ မြှုပ်လေပဲပေါ့...


ပတ်ဝန်းကျင်ကြောင့် ရှင်နိုင်သလို၊

ပတ်ဝန်းကျင်ကြောင့် သေနိုင်တယ်။


ကဲ...

ငါကတော့ ပြိုင်မြင်းကို

ဇက်ဖြုတ်လိုက်တော့မယ်။

ကြိုက်တဲ့လူ ကြိုက်လိုလောင်းကြ....

ငါ့ရာဇဝင်....

ငါ့လက်နဲ့ပဲထွင်းမယ်။

တဖြောက်ဖြောက်နဲ့ …..

မသိစိတ်ထဲ သူမဝင်ရောက်ခဲ့၊

အစက်အပျောက်တွေကြား

ငါ့..ခန္ဓာ ပျောက်ဆုံးခဲ့တယ်။


တိမ်ငိုသံလား….

သဘာဝရှိုက်သံလား…

သေချာတာက

ငါကိုယ်တိုင် ရွာချလိုက်မိတယ်။


လွမ်းစရာမရှိတဲ့ ဘဝမှာ

လွမ်းခွင့်မပေးသူကိုဘဲ

မိုးစက်တွေနဲ့အတူ

အဖြူထည်ပဲလွမ်းတယ်။


မိုးရွာရင် အရင်ကဆိုပျော်မြူး

အခုတော့ ငါ့နှလုံးသားစူးခနဲ၊

ကောင်မလေးရယ်….

မိုးရေထဲမှာငါ…

မရူးပါရစေနဲ့။

မိုးရွာလို့ ပျော်နေသူတွေရှိသလို၊

ထီးမပါလို့ ငိုချင်သူတွေလည်းရှိမယ်။

သေချာတာက

ငါ့လိုပဲ

သူဘာသူ စီးဆင်းနေမှာ။


မိုးရေထဲမှာ….

ဘဝနဲ့ ဖက်နေသူတွေရှိသလို၊

ယစ်မူးခြင်းနဲ့ ဖက်နေသူတွေလည်းရှိတယ်။

ငါကတော့….

မျှော်လင့်ခြင်းဆိုတာပဲ ဖက်တွယ်နေမိရဲ့။


မိုးရွာလို့ပွင့်တဲ့ပန်း၊

မိုးရေထဲမှာပဲ

ရင်ဘတ်တစ်စုံနဲ့…..

သူမကို

ပန်ပေးလိုက်ချင်တယ်။


မှတ်ချက်။ ။ ကျွန်တော်အချစ်ဆုံး သူမအတွက်…..