ဘဝဂ်လျှံညံ

လက်ခုပ်သံ


မျက်ရည်ပြိုပြန်

လက်ခုပ်သံ


မေတ္တာစစ်မှန်

လက်ခုပ်သံ


စုစည်းညီရန်

လက်ခုပ်သံ


ကောင်းကင်ထံပျံ

ပဲ့တင်နှံနေလေပြီ။

ကန်လာကာအဖွင့်မှာ

လက်ခုပ်သံတဖြောင်းဖြောင်း

ဆလိုက်မီးရောင် လှိုင်းစုံအောက်က

ဇာတ်ခုံပေါ်မှာ

အသုံးတော်ခံ

အပြုံးတော်ခံ


လူတကာ အတွက်

နောက်ပြီး သူမအတွက်

ပျော်တော်ဆက်ရင်း


သြဘာသံတွေကို

ကြာပွတ်ကြောက်တဲ့

ကျားတစ်ကောင်လို

နာခံသူဆိုလည်းမမှား

သူများအားပေးတိုင်း “က က” နေရတာ

ပင်ပန်းတယ်။


နောက်ကျွမ်းလေးဟဲ့

ဘာတဲ့....

ရှေ့ကျွမ်းလေးထိုးလိုက်ပါဦး

ရီမောသံတွေက

ဇာတ်ရုံ ပြိုလုမတတ်

ငါ့နားနဲ့ မဆံ့တော့ဘူး။


အနိုင်နဲ့ပိုင်းချင်တဲ့

ခင်ဗျားအတွက်

ပြက်လုံး တစ်ခုရှိတယ်

ဇာတ်ခုံ အနောက်ကိုလာခဲ့

တိုးတိုးလေးပြောပြမယ်...


လူရွှင်တော် ဝင်ကလည်း

အလွမ်းဇာတ်က

တသောသောနဲ့

အူတက်နေကြပါလေရော...

ငါတစ်ကယ် ရင်ကွဲနေတာတော့

ဘယ်သူမှမသိ...


ကဲ.....

ကန်လန်ကာ မြန်မြန်ပိတ်လိုက်ပါ

ဒီမှာ လူပြက်တစ်ယောက်

နှလုံးခုန်သံရပ်တန့် ပြီး

မူး...မေ့...လဲ...ကျ

ပရိတ်သတ်ကတော့

ကမ္ဘာကျော်ပြက်လုံးအမှတ်နဲ့

အော်ရီလို့ ကောင်းနေတုန်းပါလား......။

ကျွန်တော်ဟာ တောက်တဲ့တစ်ကောင်ပါ။


သစ်ပင်ထက်မှာမဟုတ်ပဲ

ပိုးဟပ်တစ်ကောင် ရဲ့ နှလုံးသာမှာမှ တွယ်ကပ်ချင်နေတော့ခက်တယ်။


မျက်ဝန်းနက်နက်တွေကြား ညတွေတိုင်းမှာ ပျော်မြူးချင်သလို

မနက်ခင်း ဆံနွယ်တွေကြား အနမ်းတွေကို သိမ်ဆည်းထားချင်တဲ့ကောင်ပေါ့။


သူမရဲ့ ရီသံလွင်လွင်တွေကိုကြားတိုင်း တီးလုံးအမှတ်နဲ့ လိုက်ကချင်တဲ့ကောင်

သူမ အပြုံးတွေများ တွေ့လိုက်ရရင် ကျွန်တော့် တောအုပ်တစ်ခုလုံး စိမ်းလန်းသွားလို့ပေါ့။


အူကြောင်ကြား တောက်တဲ့တစ်ကောင်ရဲ့ ရင်ဘတ်ထဲမှာလည်း ရထားတစ်စင်းရှိတယ်

သူမကတော့ ပြုံးနေမလားပဲ...


သေချာတာကတော့ မိုးကြိုးပစ်တဲ့အချိန် ကျွန်တော်ကိုယ်တိုင် ပြာမှုန်ဖြစ်သွားမှပဲ

သူမရဲ့ နှလုံးသားပေါ်ကနေ ကွာကျတော့မယ် ထင်ပါရဲ့။


မယုံမရှိနဲ့

အဲဒီလောက်အထိ ပိုးဟပ်တစ်ကောင်က ဆွဲငင်အားကောင်းလေရဲ့။

လုံလုံခြုံခြုံ ခြုံထားပါရက်က

ငါ့မြစ်တစ်စင်း ခဏခဏ

လှစ်ကနဲ စီးဆင်းသွား

ပြန်ပြန် တည့်မတ်ရတာ

မောတယ်...


လက်ကြားက စိမ့်ယိုသွားတဲ့

အလင်းတန်းတွေကို ခိုးခိုးကြည့်ရင်း

အိပ်တန်းတက်ချိန်ဆိုတာလည်း

နောက်ကျ....

အားလုံးထက် နောက်ကျ....


ကောင်းကင်ရဲ့ လှောင့်ချိုင့်အဆုံးကိုရှာ

ထွက်ပေါက်မဲ့ အပြာရောင်ကြား ပျောက်ဆုံး

ဘဝမှာ ပျံသန်းချိန်တွေသာ

တိုးတိုးလာခဲ့ရ။


ဟင်းလင်းပြင်ရဲ့ ဝတ်လစ်စလစ် ဂီတ

တစ်စစီ လိုက်ကောက်နေရင်းက

ငါ့ ဥသြ လည်း

တေ....လေ....သင်း....ကွဲ

ကျေးဇူးပြုပြီး

နွေဦးရယ် မဝင်ခဲ့ပါနဲ့ဦး။


လွှင့်ပစ်လိုက်စမ်းပါ

ကာရံတွေ ဘဝဒဿနတွေ

ငါ့ရင်ခွင်မှာ

ဗလာစာမျက်နှာ တွေသာ ချန်ခဲ့။


သုညတစ်ကောင်လို

ကိုယ့်အမြှီးကိုယ်ကိုက်

မြို့ပြထဲမှာ

အေးအေးဆေးဆေး

လှိမ့်နေလိုက်မယ်။

အစကတော့ ကျွန်တော်လည်း

သူလိုငါလို လင်း လင်းနေခဲ့တာ...

ကဗျာ ဆိုတာ

ဒီလောက် မှော်အောင်မယ် မထင်ဘူး။


ကဗျာ ဆိုတဲ့ နာမည်လေးကိုက

ကဗျာ မဆန်ဘူးလား....

ဘယ်သူတွေများ ထွင်ခဲ့ပါလိမ့်....

ကျေနပ်နှစ်သိမ့်စရာ။


ခံစားချက်တွေကို စကားလုံးအဖြစ်ပြောင်း

ချောင်းလှလှလေးပေါ်မှာ ဆောက်ထားတဲ့

တံတား

နာမည်က “ကဗျာ” တဲ့

ကျွန်တော်တို့

အနုပညာ

တစ်ဖက်ကမ်းကို ချောချောမွေ့မွေ့

ကိုင်းညွတ်လို့။


ခံစားသမျှကို အန်ထုတ်တာ

ပျော့ညံ့သတဲ့လား

ဟိုမှာ....

မြဝတီမင်းကြီး ဦးစက

ခင်ဗျားကို

ပြုံးပြနေတယ်။


နှလုံးရည်ကို

ကဗျာ မှတ်ကျောက်မှာသွေး

“မြိ” ကနဲမြည်အောင်

ချွန်မြ

ဓားသွားက

သံမဏိဆိုတာတွေကို ဖြတ်ပြလိမ့်မယ်။


ဦးနှောက်မရှိတဲ့လူ က

မခမ်းနား

ခံစားမှုမရှိတဲ့ ဦးနှောက်

ယန္တားရားဆန်ဆန်

နွမ်းလျရပြန်တယ်။


လက်နှစ်ဘက်နဲ့ ပန်းပုထုသလို

ခံစားမှုနဲ့ ကဗျာတစ်ပုဒ်

အသက်သွင်းမိ....

ငါ့.....အဇ္ဈှတတစ်ခုလုံး လင်းနေခဲ့ရပေါ့။


Chords: G, D, Em, C, D

CHO: G, D, C , D

v တိမ်အိုတွေငိုနေ ကောင်းကင်ထက်မှာ

ဘယ်အချိန် ထစ်ချုန်းမယ် မသိဘူး

လေနှင်ရာ မျောပါ

သင်းကွဲ တစ်ကောင်ပါ


v လေနီတွေဆင်နေ လှိုင်းတွေကြားမှာ

ဘယ်အချိန် ရိုက်ချိုးမယ် မသိဘူး

လေစုန်မှာ မျောပါ

ရွက်လှေ တစ်စင်းပါ


CHO: အရိပ်ကောင်းတဲ့ သစ်ပင်လို

မင်းမျက်ဝန်းတွေမှာ ခိုနားခွင့်ပြုပါ

လေခွဲမယ့် ကျွန်းငယ်လို

မင်းရဲ့ကမ်းခြေမှာ ဆိုက်ကပ်ခွင့်ပြုပါ


v အာခေါင်အက်ကွဲ ကန္တာရထဲမှာ

ဘယ်အချိန် ပြိုလဲမယ်မသိဘူး

ခြောက်ကပ်ခြင်းနဲ့ငါ

ခရီးသည် တစ်ယောက်ပါ


v တောင်တွေပြိုကာ နှင်းတွေကြားမှာ

ဘယ်အချိန် နစ်မွန်းမယ် မသိဘူး

အေစက်ခြင်းနဲ့ငါ

လျှောက်နေဆဲပါ


CHO: စိမ်းလန်းတဲ့ ချိုင့်ဝှမ်းငယ်လို

မင်းရဲ့အပြုံးတွေမှာ လှဲလျောင်းခွင့်ပြုပါ

ပူနွေးတဲ့ မီးပုံငယ်လို

မင်းရဲ့ရင်ခွင်မှာ အိပ်စက်ခွင့်ပြုပါ

ကျွန်တော်လိုချင်တာ

အမုန်းမပါတဲ့ မုန့်တစ်ခု

ကျေးဇူးပြုပြီး

ပန်းသီးတစ်စိတ်လောက်ထည့်ပေးပါ။


လောင်မြိုက်ခြင်း မီးမကင်ပါနဲ့

အပြုံးပွင့်တွေရယ်

စတော်ဘယ်ရီတစ်လုံးဆိုလည်း

ဘဝတစ်နပ်စာ ဖူလုံပါတယ်။


ချို....အီ....မွှေး.... စိမ့်

မှုတွေမလိုပါဘူး

လက်တွေ့ကျတဲု့

ခါးသက်ခြင်းဆိုလည်း

မြိန်ရှက်စွာ သုံးဆောင်ပါရစေ။


ပိုတာကို

အလုံခြုံဆုံး

ရင်ဘတ်သေတ္တာထဲထည့်

တမြေ့မြေ့

ရှိုက်သုံးပါရစေ။

ဖန်လုံအိမ်ထဲ

မိုနော့ဆိုဒ်တွေ ဝင်အိပ်

ရှင်သန်ခြင်းတွေ

ထိတ်ကုန်ပြီ


စည်းချက်နဲ့

မွန်းကြပ်အခန်းငယ်ထဲ

ချွေးစက်တွေရွှဲ

ဒါ....

မြို့ပြပေါက်ကွဲခြင်းပဲ


မြစ်ဝါထဲ

ပေါလောပေါ်လာတဲ့

ရူပဗေဒ

ဟ...ဒါ..

နူကလီးယားကွ


ဝီစကီနဲ့ရောမယ့်

ရေခဲတောင်တွေကျဆုံး

ညဥ့်မသုဉ်းခင်တော့

ရွာလမ်းက ခင်တန်း

ငါ ပြေးလို့နမ်းလိုက်ချင်သေးရဲ့....