နားစွင်ကြည့်တော့
ထစ်ချုန်း ပက်ကြားအက်သံများ
တကယ်တော့
ပညတ်တစ်ခု
လွတ်ချလိုက်တဲ့ မီးခိုးရင့်ရင့်အသက်ရှုသံတွေပါ။
ပြောင်းပြန်စီးသွားတဲ့ ဒီရေတွေထဲမှာ
ငါဆိုတဲ့ ဂြိုဟ်တစ်စင်း (သို့)
တစ်ခု၊ တစ်ကောင်၊ တစ်ယောက်
မျောပါသွားခဲ့
ဟိုး.....နဂါးငွေ့တန်းတွေ မရောက်မချင်းပေါ့...
ပခုံးနှစ်ဘက်ကြားခေါင်းပေါက်သူတွေလို
ရီတတ်, ငိုတတ်ဖို့ကြိုးစားရင်း
အသံတိတ်ခြင်းတွေသာ ပီပြင်လာခဲ့...
ပြုံးခြင်း မဲ့ခြင်းဆိုတာ
အချိန် အဘိဓာန်ထဲမှာတော့
ထွက်ဆိုချက် တူနေတယ်။
ငါကိုယ်ငါ ရေပြင်ထဲပစ်ချလိုက်တော့
ပစ္စုပန်မှာစက်ဝိုင်းတွေ မြူးထူးပြန့်ဝဲ...
ဗဟိုဆိုတဲ့ တည်ချက်တစ်ခုမှာ
နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီအတိုင်း
အခွံတစ်ခု ရေတိုးသံနဲ့ရွေ့လျားနေခဲ့...
ရွေ့လျားနေဆဲ....
ဒါပေမယ့်...
နာရီလက်တံ ပြောင်းပြန်တွေအားလုံးနဲ့
စီးချင်းထိုးနေမဲ့အစား
ကျွန်တော်...ဥယျာဉ်မှုး ဖြစ်ချင်လိုက်တာ
မေမေရယ်..