သူ့သွေးတွေကို
သောက်လိုက်ရင်
ကမ္ဘာကြီးတစ်ခုကို
အပိုင်စားရသလိုမျိုး
လေလို ယိမ်းထိုးဖို့
မေ့လျော့ခြင်းတွေကိုတောင်
မေ့အောင်လုပ်နိုင်စွမ်းရှိတယ်

မာယာတွေသွေးထဲသွင်းရင်းက
သင့်ရဲ့လက်သီးချက်မှာ
အတော်ဆုံး လက်ဝှေ့ကဗျာဆရာတွေ
ဖောင်းကနဲ လဲကျ...
ပြင်းတယ်

ပရိုးပရီမျက်နှာတွေ
ဖန်ခွက်မျက်နှာဆီဝေ့တက်
ကြေကွဲရခြင်းနာရီတွေ
ခပ်မြန်မြန်မော့ချပစ်ခဲ့

အလွမ်းတွေလား
အပျော်တွေလား
ဘာတွေလား
ညာတွေလား
ဘာတွေပဲဖြစ်ဖြစ်
အိပ်ကပ်ထဲကမနက်ဖြန်တွေ
ထွက်ကျနိုင်အောင်ကို
ခင်ဗျား တော်တယ်..

ဘယ်သူတွေဘာပြောပြော
အပျိုစင်ညနေခင်းတွေလို
ခင်ဗျား
ဘယ်တော့မှ
နေဝင်ဦးမှာမဟုတ်ဘူး..

လှေနံတွေကိုဖျက်ဆီး
ဓားဦးတွေကို ရိုက်ချိုးပစ်ခဲ့လိုက်ကြစမ်းပါ..

ကောင်းကင်ကပြာသလား?
တိမ်တိုက်က ဖြူသလား?
လေက ပြင်းသလား?
ပြတင်းတံခါးရွက်တွေ ဖွင့်ထားကြည့်စမ်းပါ

အလင်းဒဏ္ဍာရီတွေ
တောအုပ်ခေါင်မိုးတွေ
ငှက်ဖိုမောင်နှံတွေ
အရပ်မြင့်မြင့်တောင်တန်းတွေ
ကောက်ပေမယ့် ဖြောင့်နေတဲ့မြစ်တွေ
ကျောမွဲပြာပြာလမ်းမတွေ
အထီးကျန် လွမ်းလွမ်းနေတဲ့ ဓာတ်တိုင်တွေ
ခြောက်ကပ်ကပ် ရွာချလိုက်တဲ့မိုးတွေ
ချစ်သူတို့၏ တီးတိုးစကား
သူ့ကိုယ်သူ အနက်ရောင်ကုတ်အင်္ကျီနဲ့
ခေါက်ထီးတစ်လက်က ကြားမိတယ်တဲ့…

ပါးစပ်နဲ့မဆံ့အောင်
လောကကို အလှဆင်ပါဟုမပြော
ဘာမှမလုပ်ပေးနိုင်ရင်တောင်
ဒီအတိုင်းလေးပဲထားပေးကြပါ…

အာလူးခင်းအော်သံ…
နေကြာညည်းချင်းနဲ့…
ဗင်ဂိုးရဲ့အသံတိတ်ဂီတ

ထိပ်ထားရဲ့ပုရပိုက်နဲ့
ပန်းခေတ်ကတာရာ
ရဲရင့်တဲ့သစ္စာ
မဝါရဲ့ဆရာဇော်
ဓားတောင်ကိုကျော်မယ့်
ပဉ္စလက်မှော်ဆရာတွေ
ရာစုသစ်ရဲ့ဖန်မီးအိမ်တွေကို
ထွန်းလင်းခဲ့ကြတယ်…

ငါဆိုတာ
ကမူးနဲ့ စကားမပြောဖူးဘူး
မာယာကော့စကီးနဲ့ ဗော့ဒကာမသောက်ဖူးဘူး
နေမျိုးနဲ့ မဆွေးနွေးဖူးဘူး
ဆော့ကရေးတီးနဲ့ မွေးခွန်းမထုတ်ဖူးဘူး
တိုင်ကပ်နာရီနဲ့ စီးချင်းမထိုးဖူးဘူး

မှန်ရာပြောသစ္စာ…
နာမည်တွေထည့်ရင်း
နာမည်မကြီးချင်ရပါ…
နာမည်တွေမသိလည်း..
ဒီအတိုင်းထားလိုက်ပါ…
ကျွန်တော်လည်း အဲဒီအတိုင်း…

ပညတ်က သမိုင်းမဟုတ်
အချိန်အမှန်တရားက စကားပြောတတ်တယ်..
“ဒီနေ့ ရာသီဥတုသာယာတယ်တဲ့..”
ငါးမျှားချိတ်တွေငုံထားတဲ့
ပင်လယ်ကပြောတယ်…
ခင်ဗျားရော…ငါးမမျှားဘူးလား…
ကိုယ်ကိုယ်ကို တီကောင်မှတ်
ကြယ်ပွင့်တွေပဲ လိုက်ဟပ်နေပါရစေ…
မြက်တစ်ပင်က ငေးကြည့်နေရင်း

ဟိုးအဝေးမှာ
လှိုင်းတွေက ကျောက်ချ
သင်္ဘောတွေ လက်ပစ်ကူးနေကြတယ်
မောပန်းဖို့ကောင်းလိုက်တာ
ငါချစ်တဲ့ စကားဝါလွင်ပြင်လေးရယ်…
ဘဝဆိုတာ အဲလိုကြီးမှန်းမှမသိတာ
ငါဆွံ့အခဲ့တာကြာပါပြီလေ…

တစ်ကယ်လို့
မြစ်တွေက စကားပြောတတ်တယ်ဆိုပါစို့
ကျောက်တုံးတွေကို ထိုးခွဲ
ဘယ်လောက်ခက်ခက်ခဲခဲ
စီးဆင်းခဲ့ရတဲ့အကြောင်း
ပြောပြကြလိမ့်မယ်..

ပင်လယ်ဟာလည်း သူ့အာခေါင်ကိုဆွဲဖွင့်
လမိုက်ညတိုင်း ဆွေးမြေ့ကြေကွဲစွာ
သူ့ရဲ့ EOS နတ်ဘုရားမကို တမ်းတရင်း
အော်သံပေးတတ်ရဲ့..

ရှေ့တန်းကပြန်လာတဲ့ စစ်သူရဲတစ်ယောက်လို
တစ်ခါတစ်လေတော့လည်း
နွေးထွေးစွာ ဆီးကြိုမယ့် အောင်ပွဲစံအပြုံးပန်းတစ်ပွင့်ကို
ငံ့လင့်မိတယ်..

ငါမြတ်နိုးစုံမက်ခဲ့ဘူးတဲ့ ဓားတစ်လက်ရေ
ရှေ့တန်းစစ်မျက်နှာပြင်မှာ
တစ်ခြားစစ်သည်တစ်ပါးနဲ့ အဆင်ပြေပါရဲ့လား?
မင်းမပါတဲ့ စစ်ပွဲတွေမှာတော့ သိပ် လက်,မတွေ့ လှဘူး..
သွေးစေးကပ်နေတဲ့ငါ့လက်ထဲ မင်းရှိရင်
ဘယ်လောက်ကောင်းလိုက်မလဲ..
တိုက်ပွဲတိုင်းနိုင်ကောင်းပါရဲ့..

ဝရမ်းပြေးတစ်ယောက်ရေ
‘အိမ်’ တစ်လုံးကို ငတ်မွတ်ဖူးပါရဲ့လား?
သင့်ကို ကျွန်ုပ် ကိုယ်ချင်းစာတတ်ခဲ့ပြီလေ..
နေဆယ်စင်းကန္တာရထဲက လူတစ်ယောက်လို
အရိပ် ဆိုတာကို
သေကောင်ပေါင်းလဲ ငတ်တယ်..

လိုချင်တာကို ရယူနိုင်ချင်းဟာ
သူရဲကောင်းတစ်ယောက်ဆိုရင်
လိုချင်ရက်နဲ့ စွန့်လွှတ်နိုင်ခြင်းဟာ
စစ်ဘုရင်ကြီးတစ်ပါးပဲလေ…
ဘာပဲဖြစ်ဖြစ် ငါရဲ..ရင့် ခဲ့တယ်…
မင်းမရှိတဲ့ သီဟာသနဟာလည်း
ဖုန်းဆိုးမြေတစ်ခုသာသာပါပဲလေ..
စကားလုံးတွေနဲ့ ဖြေသိမ့်နေခြင်းမဟုတ်တာတော့
မင်းသိအောင် ရှင်းမပြတော့ပါဘူး..

ခရမ်းရောင်အပွင့်တွေ ကြွေကျလို့
အရုဏ်စကားပွင့်ရဲ့ အရိပ်ဟာ
ပါးလျားသေးငယ် သွားခဲ့ပြီး
တစ်ခါတစ်ရံမှာ
ပုစဉ်းရင်ကွဲတစ်ကောင်
ဟိုအမြင့်ကြီးကနေပြီး
တုန်တုန်ယင်ယင် မြည်နေလေရဲ့

ကလီဇီယာရေ..
အသံတွေ တစ်ညီတည်း
ထွက်တဲ့ကာလ မဟုတ်လေဘူး
သူ့သစ္စာရှိသူတွေကို ဝါးမျိုပြီး
သူတို့ကို သွေးပြန်သွင်းပေးမယ့်
အနန္တဘုရားရှင်ရဲ့
ခေတ်ကာလ မဟုတ်လေဘူး
ဆုံးရှုံးရတယ်ဆိုတာ
လွယ်လှပါတယ်
တောင်ပံလေး ပထမတစ်ချက် အခတ်
ရန်သူနဲ့ ပထမအကြိမ် အတွေ့မှာ
သေရတယ်ဆိုတာ
ကလေးကစားသလို ဖြစ်နေတယ်
ခုတော့ ခက်ခဲတဲ့လမ်းတွေ စ,ပြီ
ဒါပေမယ့် သင်ကတော့
နေ,ရဲ့ ဝါးမျိုမှုကို ခံရသည့်တိုင်
အမြစ်ခိုင်ခိုင်နဲ့ ရပ်တည်နိုင်လေသေးရဲ့
သင့် မြစ်နဒီရဲ့ အေးမြတဲ့ ကမ်းသာများမှာ
ပျံဝဲနေတဲ့ ငှက်ငယ်လို
ချိုသာညွှတ်နူး နိုင်လေသေးရဲ့…
နှင်းခါးရဲ့ ခိုက်ခိုက်တုန် အအေးကလဲ
သင့်ကို မညွှတ်ကွေးနိုင်
အို…..ဖျော့နွမ်းတဲ့ ဝရမ်းပြေး
သင့်အဖို့ ဘဝဂ်ရယ်လို့လဲ မရှိ
ငရဲရယ်လို့လဲ မရှိ
တောင်ယဉ်စွန်းတန်း
မြောက်ယဉ်စွန်းတန်းရယ်လို့လဲ မရှိ
စစ်ပွဲဟာ သင့်ကိုယ်တွင်းမှာ
သင့်ကို မြတ်နိုးသူတွေရဲ့ ကိုယ်တွင်းမှာ ရှိတန်ကောင်းရဲ့
သင်ဟာ နှင်းခါးရဲ့ ခိုက်ခိုက်တုန် အအေးမှာလဲ
ဒူးမထောက်
တချို့ကတော့ ကျဆုံး တွန့်ကြေသွားကြပြီ
သင့်ကို တိုက်စားနေတဲ့ တံစဉ်းဟာလဲ
အသံတိတ်ဆိတ် သွားတော့မယ်
တေးချင်းဆိုသူများရဲ့ ဟာလာဟင်းလင်း ဥခွံ့ဟာလဲ
မကြာခင် ခြေထောက်အောက်မှာ
ဖုန်မှုန့်တွေ ဖြစ်သွားတော့မယ်
အရိပ်က မည်းနက်လာပြီ
အချိန်က ဆောင်းဦးရာသီ-ဆောင်းရာသီ
သင့်ကို ခေါ်ဆောင်သွားပြီး ငါခုန်ချခဲ့တဲ့
အခြားတစ်ဖက်ကို မြင်ရပြီ
ဆန်းစ လမင်းရဲ့အောက်မှာ
ပင်လယ်ငါးဟာ ရေထဲက ထ,ခုန်ခဲ့ပြီ
နေရစ်လေဦးတော့ စကားပင်ရိပ်ငဲ့။ ။

Eugenio Montale
‘The Magnolia’s Shade’
(မြန်မာပြန်သူ - မောင်သစ်တည်)
မြသန်းတင့်၏ ကြာညိုနံ့သင်းသော ရေဝတီမ စာမျက်နှာ-၄၉ မှ

နှင်းလွှာတွေကို ထိုးဖောက်
တမြေ့မြေ့နဲ့ တောက်ပ
တရှိုက်မက်မက်နဲ့ ကျော့မော့တင့်တယ်နေပုံက
သူမဟာ နွေရာသီလည်းဟုတ်ရဲ့…
ငါ့ရဲ့ မြက်ခင်းစိမ်းတွေ
မင်းရဲ့ အလင်းတန်းတွေအောက်မှာ
နွေးထွေးရှင်သန်လို့နေတယ်

ကမ္ဘာမြေပေါ်ကို မင်းရောက်လာခြင်းဟာ
ခေလွန်းတဲ့ငါ့ကြမ္မာအတွက်
အမြင့်မားဆုံးသော ဆုလာဘ်တစ်ပါးပဲ
နတ်ဘုရားပျိုမရေ..
မင်းလက်ထဲက နွေဦးသံစဉ်တွေ
မရပ်တန့်စေနဲ့ဦး…
လွတ်လွတ်လပ်လပ် လွင့်စင်ဖိတ်ကျပါစေ…

ဒါပေမယ့် ငါ့ဘဝထဲမှာ
မိုးရာသီဝင်တာက ခဏခဏ စောလွန်းလှရဲ့…
တားခွင့်လည်းမရှိပါဘူးလေ…
မင်းအငွေ့တွေကိုပဲ
မနက်ခင်းချိန်တိုင်းမှာ မျှော်နေမိတယ်…

အရိပ်တွေထွက်လိုက်

အရိပ်တွေဝင်လိုက်


နေရောင်..

သမိုင်းဦးဘုံမြေခေတ်ရဲ့

ကိုးကွယ်ရာ


တစ်ချို့က …

အကြမ်းထည်မှာရှာ


တစ်ချို့က …

နူးညံ့သိမ်မွေ့မှု


အနုပညာဟာ

အရာအားလုံးကို

အနုစိတ်ခြယ်သခြင်း


ရှယ်လီရဲ့ ကဗျာတစ်ပုဒ်

ထူးအိမ်သင်ရဲ့ သံစဉ်ရောင်ချိုချို

လာလေ…သူငယ်ချင်း

မနက်ဖြန်များအားလုံးကို

လင်းချင်းစေကြစို့ရဲ့…

မှတ်ချက်။ ။တွေးမိသည့်အတိုင်း တလုံးမှမပြင် ကာရန်မညှိ ပကတိအတိုင်း ချရေးထားသည်။

တစ်ကယ်လို့

ကမ္ဘာမြေကြီးသာ

ငိုတတ်ခဲ့မယ်ဆိုရင်

သမုဒ္ဒရာတွေက

မျက်ရည်စတွေဖြစ်လောက်ရဲ့


လေလှိုင်းတမန်တော်တွေရယ်

ကျွန်တော့်ရင်ခတ်သံကို

သဘောကောင်းစွာ

ဆောင်ကြဉ်းပေးလှည့်ပါဦး..


နတ်ဘုရားပျိုမရေ..

ငါ့ ဝတ်ကျောင်းအို နံရံပေါ်က

ဒဏ်ရာရ ရုပ်ပုံပန်းချီကားတွေကို

ခေါင်းလောင်းလုပ်ပြီး တီးကြည့်စမ်းပါ

မင်းနာမည်အော်ခေါ်သံတွေ

ပဲ့တင်ထပ်နေလိမ့်မယ်...


မလိုက်ပါရစေနဲ့

တိမ်တောင်ပိရမစ်တွေထဲက

မင်းပုံတူ ရုပ်လုံးရုပ်ကြွ တွေက

တီးတိုးလှမ်းခေါ်နေတယ်…

ကျွန်တော် မလိုက်ပါရစေနဲ့


ဒီလိုနဲ့ ရွှက်လွှင့်ခဲ့တဲ့

ရာသီလှေတွေနဲ့အတူ

ဆောင်းမြို့တော်ရဲ့

အလင်းမဲ့ ဆင်ခြေဖုန်းတစ်နေရာမှာ

အလွမ်းငွေ့တွေပိုက်လို့

ငါတစ်ယောက်တည်းသာ

တိတ်တိတ်ဆိတ်ဆိတ်

မိုက်နေပါရစေ…