ရထားက ကိုယုတ်တီးတစ်ကောင်လို

အဝါရောင်တူးတူးခါးခါး ငင်လိုက်ချိန်မှာတော့

ကျွန်တော့် ဘူတာရုံလေးလည်း သက်ငြိမ်တစပြင်ဖြစ်သွား...


ငယ်ဘဝက ဖြူစင်ခြင်းတစ်ခုနဲ့ ပျိုးခဲ့ဖူးသော

ဥယျာဉ်ပျိုမရေ....

လေနီကြမ်းဝင်မယ်ဆိုတာ ငါသိပေမယ့်

မုတ်သုန်ကိုက စောလွန်းပြန်တယ်...


ငိုသူငို...

ရီသူ ရီကြ...

နှုတ်ဆက်သူ..

လက်ပြသူ...

ကျောခိုင်းသူများရဲ့

ဗလုံးဗထွေး အသံဗလံတွေအကြား

ငါ့စကားလုံးတွေကတော့ ဆွံ့အရင်း

သံလမ်းတစ်ဘက်တစ်ချက်ဆီ

ဆန့်ဆန့်ကြီး လဲလျောင်းလျက်ပဲလေ...

ရထားဘီးတွေကြိတ်ချိန်ကိုပဲ စောင့်နေသလိုမျိုး...


ငါ့တို့ကြား

ခြောက်ကပ်ကပ်အဖြူ အမည်း အလွမ်းတွေကွာခြားနေတော့

နွေပေါက်စရဲ့ ပန်ကာအိုတွေကလည်း

အလိုက်တသိ တအီအီ တိုက်ခတ်ပေးရင်းနဲ့ပေါ့

ဒါပေမယ့် လူငယ်ဘဝ ပထမဆုံးစားသုံးခဲ့ဘူးတဲ့

မီးလျှံတွေကို မငြိမ်းသတ်နိုင်ခဲ့ပါဘူး...

ရထားတစ်စင်းစာလောက်ရှိရဲ့...


ကောင်းကင်ထက်ကလိမ့်ကျတဲ့ မိုးရေနှစ်စက်လို

တာဝေးပေါ်က ပြိုင်မြင်းနှစ်ကောင်လို

သံလမ်းပေါ်က သံမဏိနှစ်ဘီးလို

ပြိုင်တူလွှတ်လိုက်တဲ့ မျှားနှစ်စင်းလို

ဆုံမှတ်က မိုးကုတ်စက်ဝိုင်းမှာ မီးစုန်းရောင်ပျပျ

နတ်စစ်သည်တွေတောင် လက်မှိုင်ချနေကြတယ်...

ကဲ...ဘယ်အချိန်ပြန်ဆုံကြမှလဲ?


တွေ့...ဆုံ...ကြုံ...ကွဲ ဗုံသံများ

အဲဒီလောက်အထိ စည်းချက်မိလိမ့်မယ်မထင်မိတော့

ရထားကလည်း အလံဖြူပြရင်း

ဂျုံးဂျုံးဂျက်ဂျက်နရီတစ်စုံနဲ့ ဘူတာရုံအိုက လွင့်စင်ခဲ့ရပြန်တယ်။


တရိပ်ရိပ်ကျန်ခဲ့သော...

ရိုးပြတ်ကွင်းစပ်များ..

တောင်တန်းညို့ညို့များ...

အထီးကျန်ယာတဲအိမ်များ...

ဘာပဲဖြစ်ဖြစ်ပေါ့....

“ရှင်မ” ရယ်

မင်းမျက်ဝန်းက တိမ်ခိုးတွေကို ခုတ်ထွင်လိုက်စမ်းပါ

ဘဝဆိုတာ မင်းပြောပြတဲ့ လက်တွေ့ကြခြင်းဆို...

တို့တွေ လွတ်လပ်စွာ ရဲရင့်ကြတာပေါ့


ပြေးလမ်းအဆုံးက ငါ့တောအုပ်မြေပြင်မှာတော့

အလွမ်းခွာရာတွေ ဖွာ...ရာ....ကြဲ....ရင်း ကြိုဆိုလို့

ငါ့တွဲထိန်းလည်း မင်းနာမည်ရွတ်ရင်း

ခုတ်မောင်းနေဆဲ ဝိဥာဉ်လောင်စာတွေ

ထပ်ဖြည့်လောင်းရင်းနဲ့ပေါ့...

မြို့ပြရဲ့

မျက်ရည်တွေစီးဆင်းနေတဲ့အခိုက်

လမ်းပျောက်တဲ့ သိုးမည်းတစ်ယောက်

ဟို.. ဒီ်.. လျှောက်သွားလို့..


အိမ် ဆိုတဲ့ဝေါဟာရ မထွန်းကားတဲ့

မွန်းကြပ်ခြင်း ယဉ်ကျေးမှုတွေထဲမှာ

ကျွန်တော် နေထိုင်တယ်..

မနူးညံတဲ့ မိုးတိမ်အတုတွေနဲ့

နေသားကျခဲ့ရပြီပေါ့..


ပျံသန်းလိုက်တော့လေ...

လှောင်အိမ်ဆိုတာ

ဘယ်တော့မှ ကျွန်တော်မပိုင်ဆိုင်လိုတဲ့

အရာဝတ္ထုတွေထဲက တစ်ခုပါ...


ခေါင်းနဲ့ပန်း ဘဝထဲမှာ

တစ်ခါတစ်လေတော့

ဗီလိန်ဆန်ဆန်လည်း

လွမ်းတတ်ခဲ့ပြန်ရ...

ကျွန်တော့် အတွက်တော့

ဘဝ ရိုက်ကွင်း

မချွတ်ယွင်းစေရပါဘူး...


စိတ်ရှိတိုင်း မိုက်ကန်းရင်း

ကောင်းကင်ဆိုတာလည်း

အကြိမ်ကြိမ် ဒူးနဲ့တိုက်မိ...

ထိခိုက်ရှနာတွေတော့

ရင်ဘတ်မြို့ရိုးအတိုင်း..

လိုက် ဝှက်ထားရင်းနဲ့...


သူမရဲ့... ကျောက်စာပုရပိုက်မှာ

အက္ခရာ တစ်လုံးအဖြစ်နေခွင့်ရရင်တောင်

ပြုံးပျော်နေမယ့် ကောင်ပေါ့..

ဒီထက်ပို မတောင်းဆိုချင်တော့...

မတောင်းဆိုသင့်တော့...


ပြည်ဖုံးကား ချလိုက်တဲ့လမင်းရေ..

နှင်းဆီတွေ ရှိုက်တိုင်း

နင့်ကို...

ငါ..

လွမ်းတယ်...