အရှင်

အမိန့်ပေးပါ

တောင်စွယ်နေကွယ်တော့မယ်…

လက်တစ်ကမ်းမှာ

ပြာရီရီ ဝိဥာဉ်တွေစောင့်ကြိုလို့

ခရီးတစ်ခုစဖို့ စိတ်ရှည်လက်ရှည်

စောင့်နေလေရဲ့။


အရှင်

အမိန့်ပေးပါ

ရဲဆေးအရှိန်တွေပြယ်တော့မယ်…

ချွန်မြတဲ့ဓါးနဲ့အတူ

“ဝှီး” ခနဲနေအောင်လွှဲနေကြလက်တွေ

ဒီတစ်ခါ အေးစက်တောင့်တင်းနေလေရဲ့။


အရှင်

အမိန့်ပေးပါ

လရောင်တောင်ပြူတော့မယ်…

နှလုံးသားကို ဆွဲချမယ့်ကြိုးပေါ်မှာ

အနီရောင် လိပ်ပြာတစ်ကောင်

နားနေလေရဲ့။


အရှင်

အမိန့်ပေးပါ

ညဥ့်ငှက်တွေ အစာရှာထွက်ရော့မယ်…

ကိုယ့်ကိုမြှုပ်နှံမယ့်ဂူနားက

ညမွှေးပန်းတွေတောင်

မွှေးထုံနေလေရဲ့။


မင်းကအနောက်အရပ်ဆို

ငါကအရှေ့အရပ် ဒီလိုနဲ့

တို့နှစ်ယောက်ဘဝ

ဒီမြေပေါ်မှာတင်

နေထွက်နေဝင် လွဲခဲ့တာကြာပြီ။


ငါလက်နှစ်ဘက် ဆန့်ထုတ်ထားလည်း

ရွှေလင်ဗန်းက ရောက်မလာဘူး..

ဝိုင်တစ်ခွက် ဂစ်တာတစ်လက်နဲ့ပဲ

အရုဏ်တက်တော့မယ်။


မင်းပြိုမှာကြောက်တဲ့ “ငါ”

ယုန်တစ်ကောင်ပါ

မင်း မငြိုလိုက်ပါနဲ့၊

ငါ့ညမှာတော့

ကဝေသံညံနေတုန်းပဲ။

ခရီး

V1:
ဒီဘဝကြီးမှာ မျှော်လင့်သမျှဖြစ်မလာ

ဘယ်လောက်ပဲငါ အကောင်းဆုံးကြိုးစား

လှောင်ချိုင့်ထဲမှာ အလင်းမဲ့ငါ့ဘဝ

ဘယ်မှာလဲကွာ ထွက်ပေါက်ပေးပါ


CHO:(ဘဝဆိုတဲ့ခရီး ပန်းတိုင်မရှိလဲ

လာ…ဆက်လျှောက်သွားမယ်

ဟို အဝေးဆုံးအထိ.....

ဘဝဆိုတဲ့ခရီး လဲကျသွားစမ်း/ကြိုက်သလောက်ကြမ်းစမ်း

လာ…ဆက်လျှောက်မယ်

နောက်ဆုံးထွက်သက် အထိပဲ)

လာ…ဒါ…ဒါ…ဒါ လာ…ဒါ..ဒါ..ဒါ


V2: အနိုင်နဲ့အရူံးတွေ ငါဂရုမစိုက်တော့ပါ

ဒါတွေအားလုံး လှည့်ကွက်တစ်ခုသာ

လူတွေဝိုင်းကာ မေးငေါ့ကြပစေ

မှန်တဲ့အတိုင်းသာ မင်းဆက်လုပ်ပါ


V3: အရောင်တွေဆိုးကာ လူ့ဘဝကြီးမှာ

ပကတိအတိုင်းသာ အဖြူအတိုင်းထား

လူတွေဝိုင်းကာ သွေးစုပ်ကြပစေ

အမှန်တရားဟာ မင်းရဲ့ဘက်မှာ

CHO:

Fadeout

Chords: F, C, Dm, Bb, C

သီချင်းအကြမ်းနားထောင်ရန်



ဘယ်လိုလဲတဲ့

ကမ်းစပ်သစ်ပင်က ရေစီးသန်တဲ့မြစ်ကိုမေးတယ်

ခင်ဗျားက အငြိမ်ကိုမနေနိုင်ဘူးလားတဲ့

မြစ်ကအဖြေပေးတဲ့အနေနဲ့ သစ်ပင်ကိုတိုက်စားသွားတယ်……


ဘယ်လိုလဲတဲ့

မြစ်က ပင်လယ်ကိုမေးတယ်

ခင်ဗျားက ပင်ပန်းလိုက်တာ ရေတွေအများကြီး ထမ်းထားတာပဲတဲ့

ဒါပေမယ့် မြစ်ကပဲ ပင်လယ်ထဲကို စီးဝင်လိုက်ရတယ်…….


ဘယ်လိုလဲတဲ့

ပင်လယ်ကြီးက ကောင်းကင်ကြီးကိုမေးတယ်

ခင်ဗျားကြည့်ရတာပင်ပန်းလိုက်တာ တိမ်မည်းတွေချည်းပဲတဲ့

ကောင်ကင်ကြီးက အဖြေပေးတဲ့အနေနဲ့ မုန်တိုင်းဆင်ပြီး ပင်လယ်ကိုလှိုင်းကြီးစေလိုက်တယ်…..


ဘယ်လိုလဲတဲ့

မုန်တိုင်းက သင်္ဘောသားကိုမေးတယ်

မင်းကငါ့ကို မကြောက်ဘူးလားတဲ့

ဒါပေမယ့် သင်္ဘောကြီးက မုန်တိုင်းကိုဥာဏ်ဆင်ပြီး ရှောင်ကွင်းနိုင်ခဲ့တယ်.......


ဘယ်လိုလဲတဲ့

သင်္ဘောသားက ကမ်းစပ်ကသစ်ပင်ကိုမေးတယ်

ခင်ဗျားကြည့်ရတာပျင်းဖို့ကောင်းလိုက်တာ ငြိမ်နေတာပဲတဲ့

ဒါပေမယ့်လည်း သူပဲအရိပ်ကောင်းတဲ့ သစ်ပင်ခြေရင်းမှာ မောမောနဲ့အိပ်ပျော်သွားလေရဲ့……