တစ်ကယ်လို့
မြစ်တွေက စကားပြောတတ်တယ်ဆိုပါစို့
ကျောက်တုံးတွေကို ထိုးခွဲ
ဘယ်လောက်ခက်ခက်ခဲခဲ
စီးဆင်းခဲ့ရတဲ့အကြောင်း
ပြောပြကြလိမ့်မယ်..

ပင်လယ်ဟာလည်း သူ့အာခေါင်ကိုဆွဲဖွင့်
လမိုက်ညတိုင်း ဆွေးမြေ့ကြေကွဲစွာ
သူ့ရဲ့ EOS နတ်ဘုရားမကို တမ်းတရင်း
အော်သံပေးတတ်ရဲ့..

ရှေ့တန်းကပြန်လာတဲ့ စစ်သူရဲတစ်ယောက်လို
တစ်ခါတစ်လေတော့လည်း
နွေးထွေးစွာ ဆီးကြိုမယ့် အောင်ပွဲစံအပြုံးပန်းတစ်ပွင့်ကို
ငံ့လင့်မိတယ်..

ငါမြတ်နိုးစုံမက်ခဲ့ဘူးတဲ့ ဓားတစ်လက်ရေ
ရှေ့တန်းစစ်မျက်နှာပြင်မှာ
တစ်ခြားစစ်သည်တစ်ပါးနဲ့ အဆင်ပြေပါရဲ့လား?
မင်းမပါတဲ့ စစ်ပွဲတွေမှာတော့ သိပ် လက်,မတွေ့ လှဘူး..
သွေးစေးကပ်နေတဲ့ငါ့လက်ထဲ မင်းရှိရင်
ဘယ်လောက်ကောင်းလိုက်မလဲ..
တိုက်ပွဲတိုင်းနိုင်ကောင်းပါရဲ့..

ဝရမ်းပြေးတစ်ယောက်ရေ
‘အိမ်’ တစ်လုံးကို ငတ်မွတ်ဖူးပါရဲ့လား?
သင့်ကို ကျွန်ုပ် ကိုယ်ချင်းစာတတ်ခဲ့ပြီလေ..
နေဆယ်စင်းကန္တာရထဲက လူတစ်ယောက်လို
အရိပ် ဆိုတာကို
သေကောင်ပေါင်းလဲ ငတ်တယ်..

လိုချင်တာကို ရယူနိုင်ချင်းဟာ
သူရဲကောင်းတစ်ယောက်ဆိုရင်
လိုချင်ရက်နဲ့ စွန့်လွှတ်နိုင်ခြင်းဟာ
စစ်ဘုရင်ကြီးတစ်ပါးပဲလေ…
ဘာပဲဖြစ်ဖြစ် ငါရဲ..ရင့် ခဲ့တယ်…
မင်းမရှိတဲ့ သီဟာသနဟာလည်း
ဖုန်းဆိုးမြေတစ်ခုသာသာပါပဲလေ..
စကားလုံးတွေနဲ့ ဖြေသိမ့်နေခြင်းမဟုတ်တာတော့
မင်းသိအောင် ရှင်းမပြတော့ပါဘူး..

ခရမ်းရောင်အပွင့်တွေ ကြွေကျလို့
အရုဏ်စကားပွင့်ရဲ့ အရိပ်ဟာ
ပါးလျားသေးငယ် သွားခဲ့ပြီး
တစ်ခါတစ်ရံမှာ
ပုစဉ်းရင်ကွဲတစ်ကောင်
ဟိုအမြင့်ကြီးကနေပြီး
တုန်တုန်ယင်ယင် မြည်နေလေရဲ့

ကလီဇီယာရေ..
အသံတွေ တစ်ညီတည်း
ထွက်တဲ့ကာလ မဟုတ်လေဘူး
သူ့သစ္စာရှိသူတွေကို ဝါးမျိုပြီး
သူတို့ကို သွေးပြန်သွင်းပေးမယ့်
အနန္တဘုရားရှင်ရဲ့
ခေတ်ကာလ မဟုတ်လေဘူး
ဆုံးရှုံးရတယ်ဆိုတာ
လွယ်လှပါတယ်
တောင်ပံလေး ပထမတစ်ချက် အခတ်
ရန်သူနဲ့ ပထမအကြိမ် အတွေ့မှာ
သေရတယ်ဆိုတာ
ကလေးကစားသလို ဖြစ်နေတယ်
ခုတော့ ခက်ခဲတဲ့လမ်းတွေ စ,ပြီ
ဒါပေမယ့် သင်ကတော့
နေ,ရဲ့ ဝါးမျိုမှုကို ခံရသည့်တိုင်
အမြစ်ခိုင်ခိုင်နဲ့ ရပ်တည်နိုင်လေသေးရဲ့
သင့် မြစ်နဒီရဲ့ အေးမြတဲ့ ကမ်းသာများမှာ
ပျံဝဲနေတဲ့ ငှက်ငယ်လို
ချိုသာညွှတ်နူး နိုင်လေသေးရဲ့…
နှင်းခါးရဲ့ ခိုက်ခိုက်တုန် အအေးကလဲ
သင့်ကို မညွှတ်ကွေးနိုင်
အို…..ဖျော့နွမ်းတဲ့ ဝရမ်းပြေး
သင့်အဖို့ ဘဝဂ်ရယ်လို့လဲ မရှိ
ငရဲရယ်လို့လဲ မရှိ
တောင်ယဉ်စွန်းတန်း
မြောက်ယဉ်စွန်းတန်းရယ်လို့လဲ မရှိ
စစ်ပွဲဟာ သင့်ကိုယ်တွင်းမှာ
သင့်ကို မြတ်နိုးသူတွေရဲ့ ကိုယ်တွင်းမှာ ရှိတန်ကောင်းရဲ့
သင်ဟာ နှင်းခါးရဲ့ ခိုက်ခိုက်တုန် အအေးမှာလဲ
ဒူးမထောက်
တချို့ကတော့ ကျဆုံး တွန့်ကြေသွားကြပြီ
သင့်ကို တိုက်စားနေတဲ့ တံစဉ်းဟာလဲ
အသံတိတ်ဆိတ် သွားတော့မယ်
တေးချင်းဆိုသူများရဲ့ ဟာလာဟင်းလင်း ဥခွံ့ဟာလဲ
မကြာခင် ခြေထောက်အောက်မှာ
ဖုန်မှုန့်တွေ ဖြစ်သွားတော့မယ်
အရိပ်က မည်းနက်လာပြီ
အချိန်က ဆောင်းဦးရာသီ-ဆောင်းရာသီ
သင့်ကို ခေါ်ဆောင်သွားပြီး ငါခုန်ချခဲ့တဲ့
အခြားတစ်ဖက်ကို မြင်ရပြီ
ဆန်းစ လမင်းရဲ့အောက်မှာ
ပင်လယ်ငါးဟာ ရေထဲက ထ,ခုန်ခဲ့ပြီ
နေရစ်လေဦးတော့ စကားပင်ရိပ်ငဲ့။ ။

Eugenio Montale
‘The Magnolia’s Shade’
(မြန်မာပြန်သူ - မောင်သစ်တည်)
မြသန်းတင့်၏ ကြာညိုနံ့သင်းသော ရေဝတီမ စာမျက်နှာ-၄၉ မှ

နှင်းလွှာတွေကို ထိုးဖောက်
တမြေ့မြေ့နဲ့ တောက်ပ
တရှိုက်မက်မက်နဲ့ ကျော့မော့တင့်တယ်နေပုံက
သူမဟာ နွေရာသီလည်းဟုတ်ရဲ့…
ငါ့ရဲ့ မြက်ခင်းစိမ်းတွေ
မင်းရဲ့ အလင်းတန်းတွေအောက်မှာ
နွေးထွေးရှင်သန်လို့နေတယ်

ကမ္ဘာမြေပေါ်ကို မင်းရောက်လာခြင်းဟာ
ခေလွန်းတဲ့ငါ့ကြမ္မာအတွက်
အမြင့်မားဆုံးသော ဆုလာဘ်တစ်ပါးပဲ
နတ်ဘုရားပျိုမရေ..
မင်းလက်ထဲက နွေဦးသံစဉ်တွေ
မရပ်တန့်စေနဲ့ဦး…
လွတ်လွတ်လပ်လပ် လွင့်စင်ဖိတ်ကျပါစေ…

ဒါပေမယ့် ငါ့ဘဝထဲမှာ
မိုးရာသီဝင်တာက ခဏခဏ စောလွန်းလှရဲ့…
တားခွင့်လည်းမရှိပါဘူးလေ…
မင်းအငွေ့တွေကိုပဲ
မနက်ခင်းချိန်တိုင်းမှာ မျှော်နေမိတယ်…

အရိပ်တွေထွက်လိုက်

အရိပ်တွေဝင်လိုက်


နေရောင်..

သမိုင်းဦးဘုံမြေခေတ်ရဲ့

ကိုးကွယ်ရာ


တစ်ချို့က …

အကြမ်းထည်မှာရှာ


တစ်ချို့က …

နူးညံ့သိမ်မွေ့မှု


အနုပညာဟာ

အရာအားလုံးကို

အနုစိတ်ခြယ်သခြင်း


ရှယ်လီရဲ့ ကဗျာတစ်ပုဒ်

ထူးအိမ်သင်ရဲ့ သံစဉ်ရောင်ချိုချို

လာလေ…သူငယ်ချင်း

မနက်ဖြန်များအားလုံးကို

လင်းချင်းစေကြစို့ရဲ့…

မှတ်ချက်။ ။တွေးမိသည့်အတိုင်း တလုံးမှမပြင် ကာရန်မညှိ ပကတိအတိုင်း ချရေးထားသည်။

တစ်ကယ်လို့

ကမ္ဘာမြေကြီးသာ

ငိုတတ်ခဲ့မယ်ဆိုရင်

သမုဒ္ဒရာတွေက

မျက်ရည်စတွေဖြစ်လောက်ရဲ့


လေလှိုင်းတမန်တော်တွေရယ်

ကျွန်တော့်ရင်ခတ်သံကို

သဘောကောင်းစွာ

ဆောင်ကြဉ်းပေးလှည့်ပါဦး..


နတ်ဘုရားပျိုမရေ..

ငါ့ ဝတ်ကျောင်းအို နံရံပေါ်က

ဒဏ်ရာရ ရုပ်ပုံပန်းချီကားတွေကို

ခေါင်းလောင်းလုပ်ပြီး တီးကြည့်စမ်းပါ

မင်းနာမည်အော်ခေါ်သံတွေ

ပဲ့တင်ထပ်နေလိမ့်မယ်...


မလိုက်ပါရစေနဲ့

တိမ်တောင်ပိရမစ်တွေထဲက

မင်းပုံတူ ရုပ်လုံးရုပ်ကြွ တွေက

တီးတိုးလှမ်းခေါ်နေတယ်…

ကျွန်တော် မလိုက်ပါရစေနဲ့


ဒီလိုနဲ့ ရွှက်လွှင့်ခဲ့တဲ့

ရာသီလှေတွေနဲ့အတူ

ဆောင်းမြို့တော်ရဲ့

အလင်းမဲ့ ဆင်ခြေဖုန်းတစ်နေရာမှာ

အလွမ်းငွေ့တွေပိုက်လို့

ငါတစ်ယောက်တည်းသာ

တိတ်တိတ်ဆိတ်ဆိတ်

မိုက်နေပါရစေ…

မယုံရင်…ပုံပြင်လို့မှတ်

ရောင်စုံလိပ်ပြာတစ်ကောင်ဟာ

ချောကျိကျိ ခူကောင်တစ်ကောင်က

စခဲ့တယ်…


မယုံရင်…ပုံပြင်လို့မှတ်

လိပ်က ယုန်ကို နိုင်အောင်ပြေးဘူးခဲ့..


မယုံရင်…ပုံပြင်လို့မှတ်

ခရုငယ်က မပုကြွယ်ကို စာကူကျက်ပေးခဲ့တယ်..


မယုံရင်…ပုံပြင်လို့မှတ်

ဟင်္သာတွေက ဇာတ်တူသားစားကြတယ်..

(ကျွန်တော့်အာရုံထဲမှာ ဟင်္သာတွေက လူတွေဖြစ်သွား)


မယုံရင်…ပုံပြင်လို့မှတ်

ဒုတိယကမ္ဘာစစ်

လူမျိုးကြီးဝါဒက

အစပြုခဲ့တယ်…


မယုံရင်…ပုံပြင်လို့မှတ်

ဂူဂယ်လ်အတ်က

ခင်ဗျား အိမ်ခေါင်မိုးကို

လှမ်းကြည့်လို့ရတယ်…


မယုံရင်…ပုံပြင်လို့မှတ်

ထရိုဂျန်တစ်ကောင်က

ထရွိုင်မြို့ကို ဝင်သိမ်းခဲ့တယ်..


မယုံရင်…ပုံပြင်လို့မှတ်

ကျည်ပွေ့အတက်ပေါက်ခဲ့

(ဦးနှောက်တစ်ချို့ ဝမ်းနုတ်လို့ကောင်းတုန်း)


မယုံရင်…ပုံပြင်လို့မှတ်

အရှေ့တောင်အာရှမှာ

အာအိုင်တီ နာမည်ရဘူးခဲ့တယ်…


မယုံရင်…ပုံပြင်လို့မှတ်

Zombie မလေးတစ်ယောက်ကို

အိပ်မက်အချို့နဲ့အတူ

အတောင်ပံတပ်ပေးခဲ့တယ်..

(အဲဒီနေ့ကစပြီး

ကျုပ်ဆီပျံမလာကြတော့ပါ)…

မေ ဆိုတဲ့ အလွမ်းတွေ ပြန်လည်ခေါက်သိမ်းခဲ့ရတဲ့

မေလ…

အမှန်နဲ့ အမှားကြားမှာ မပဒ္ဒါလို ငါကိုယ်တိုင်

မြေလူးခဲ့ရတဲ့ မေလ…

အိတ်ကပ်ထဲနှိုက်ထုတ်ရင်း အိတ်ကပ်ပဲထွက်ထွက်လာတဲ့

မေလ..

အလကားရတဲ့ အချိန်တွေကတောင် ငါ့ကို

လှောင်ပြုံးပြုံးကြတဲ့ မေလ..

မျက်လုံးသေနတ်တွေ စကားလုံးသေနတ်တွေနဲ့ ပစ်မှတ်တစ်ခုလို

ဝိုင်းဝန်းပစ်ခတ်ခံရတဲ့ မေလ…

ပုပ်အဲ့နေတဲ့ ရုပ်မြင်သံကြားသတင်းတွေနဲ့

မေလ…(အသံတွေကြားရင်းတောင် အနံ့တွေရလာခဲ့)

တီးလုံးတွေနဲ့ မိန်းမောနေတဲ့

ညနတ်သမီး ကခြေသည်မများရဲ့ မေလ.. (တပ်မက်မျက်လုံးများနှင့် ငေးခဲ့)

ကြောင်ပေါက်စလေး သုံးကောင် အိမ်ရောက်လာတဲ့

မေလ…(တစ်ကောင်က ပြန်လည်ထွက်ခွာသွားခဲ့)

မုသာဝါဒအလေ့ကျပန်းပွင့်တွေ ငါ့ခြံစည်းရိုးမှာပွင့်တဲ့

မေလ….

တစ်ချို့တယ်လီဖုန်းမြည်သံတွေကြား ပုန်းအောင်း

တစ်ချို့ကို မျှော်နေခဲ့ရတဲ့

မေလ…

မနက်ဖြန်တွေမှာ မြွေတစ်ကောင်လို

အခန်းထဲတွင်းအောင်းနေခဲ့တဲ့ မေလ…

သူငယ်ချင်းအဟောင်းတွေနဲ့ သူငယ်ချင်းအသစ်ပြန်ဖြစ်ခဲ့ရတဲ့

မေလ…

ကီးဘုတ်ပေါ်မှာ အချိန်တွေ တဒေါက်ဒေါက်နဲ့ ဖြုန်းပစ်ခဲ့တဲ့

မေလ..

ဘာမှမရှိတဲ့အထဲက ဘာမှမရှိတာကို ယူသွားတဲ့

ဒုက္ခတွေ အခိုင်လိုက် အခိုင်လိုက်ပွင့်တဲ့

မေလ..

သူရာရည်နဲ့ ဗလာအစာအိမ်

အစားထိုးကုသခဲ့ရတဲ့

မေလ..

အိပ်မက်တွေကို ရေခဲသေတ္တာထဲမှာပဲတွေ့နေရတဲ့

မေလ…

စုန်းမီးတွေတဝုန်းဝုန်းကျဲတောက်

နတ်စစ်သည်တော်တွေကို ဂုမ္ဘာန်တစ်ထောင်ဝင်စီးခဲ့တဲ့ မေလ..

အဲဒီ့ကဗျာအဆုံးမှာတော့

မေလကပဲ မေလကိုဝါးမြိုချလိုက်လေရဲ့…

ဇုံဘီ (Zombie) မလေးတစ်ယောက်အတွက် နှင်းဆီနှစ်ပွင့် ခူးပေးခဲ့တယ်။

အဲဒီတုန်းက အိပ်မက်တွေက အိပ်မက်ထဲမှာပဲ မက်လို့ကောင်းမှန်း ကျွန်တော် မသိခဲ့။

အဲဒီလိုနဲ့ တောအုပ်ကြီးက တရွေ့ရွေ့ ဝေး…သွား….

မြေကြီးပေါ်လွတ်ကျသွားတဲ့ ပန်းပွင့်တွေ…

ပန်းပွင့်တွေက မြေကြီးပေါ်လွတ်ကျ…

အဲဒီနေ့ကစပြီး….

သစ်ခုတ်သမားက သစ်ပင်လိုက်ရှာသလိုမျိုး…

ကျွန်တော်လည်း

ကိုယ့်နှလုံးသားကို လိုက်ရှာနေမိတော့တယ်..


Zombie = A Zombie is a reanimated corpse.



ပစ်လွှတ်လိုက်တဲ့ မြှားတစ်စင်း

မြှားဦးက ပြန်စီးဆင်းလာတော့

ငါ့ရင်ခွင်

စက်ကွင်း” ဖြစ်ခဲ့ရပြီလေ…


ဖြစ်နိုင်ရင်

ဂြိုဟ်တွေကို တွယ်ချိတ်နဲ့သီ

မင်းကျောင်းသွားအမှီ

လွယ်အိတ်ထဲ

ထည့်ပေးလိုက်ချင်တာပါ…


ဒါပေမယ့်

ငါ့ဆောင်းညတွေမှာ

ဘီလူးနက္ခတ်တွေများလွန်းနေတော့

Black Hole ထဲ

ငါတစ်ယောက်တည်းနေပါရစေတော့..


ယောက်ျားမှန်ရင်

မဖြစ်နိုင်ဘူးဆိုတာကို

လုပ်ပြနိုင်ရမယ်တဲ့..

ကမ္ဘာဦးလူသားတွေက မီးကိုရှာတယ်..

အာဒမ်က သူ့ချစ်သူအတွက် ပန်းသီးရှာတယ်..

ပြင်သစ်ကဘုန်းတော်ကြီးတွေက ရှန်ပိန်အရက်ကိုရှာတွေ့ခဲ့တယ်..

ဂျင်းဘောင်းဘီကို Levi Strauss ရှာတွေ့ခဲ့တယ်..

ကွန်ဖြူးရှပ်က အတွေးအခေါ်တွေ ရှာဖွေခဲ့တယ်..

ကဲ..

ငါကရော ဘာတွေလုပ်ပြနိုင်ခဲ့ပြီးပြီလဲ?


မင်းအတွက်

မိုးသားတိမ်လိပ်တွေကို ခူးပေးခဲ့လား?

ကြယ်ရောင်စုံတွေ မင်းအခန်းထဲမှာ ထွန်းလင်းခွင့်ပေးခဲ့ရဲ့လား?

မနက်ဘက်မင်းအတွက် နှင်းဆီရနံ့တွေ ဆောင်ကြဉ်းခဲ့ရဲ့လား?

မင်းပန်ဆင်ဖို့အတွက် ဓူဝံကြယ်ကို ယူဆောင်ပေးခဲ့ရဲ့လား?


တစ်ကယ်ဆိုရင်

မင်းအတွက်ငါဟာ အရာရာပြည့်စုံနေသူတစ်ယောက်ဖြစ်သင့်တယ်လေ…

ထားလိုက်ပါလေ…

သံလွင်ရေက ငါမပါလည်း သူ့ဟာသူ စီးဆင်းနေမှာပါပဲ..

ဖြစ်နိုင်ရင် ကံကြမ္မာကို ဓားနဲ့ခုတ်

မင်းအတွက် ငါ့အိပ်မက်တွေကိုပဲ

နုတ်နုတ် စင်းလိုက်တော့မယ်..

မိုးပေါ်ကနေကျလာတယ်….

||||||||||||||||||||||||||||||||||

|||||||||||||||||||||||||||||||

|||||||||||||||||||||||||||||

သေဆုံးခါနီးလူနာအတွက်

နာဖျားနေတဲ့ ဆေးဝါးများ


ဘီလူးခေါင်းများအတွက်

မင်းသားမျက်နှာဖုံးများ


ဟောင်းနွမ်းနေတဲ့

မြို့သစ်များ


ဒုက္ခသည်များအတွက်

ကျည်ဆံများ


ခေါင်မလုံတဲ့

“အမိုးများ”


ကြပ်ပိတ်သိပ်နေသော

ဘတ်စ်ကားများ


ကလေးငယ်များအတွက်

သေနတ်အစစ်များ


လမ်းမများအတွက်

သူဖုန်းစားအသစ်များ

----------------------------

ရွာချနေလိုက်တာ..

အိမ်အပြင်ဘက်တစ်ခုလုံး

ရဲရဲကိုလှုပ်လို့…


ငါ့ကို…

ငြင်းပယ်ကြ…

တိမ်တွေက ငြင်းပယ်ကြ..

လူတွေက ငြင်းပယ်ကြ…

ငါ့တစ်ကိုယ်ရည် ဝေဝါးမှုတွေက ငြင်းပယ်ကြ..

ဖော်မလင်အိပ်မက်တွေက ငါ့ကို ငြင်းပယ်ကြ..

ငါချစ်သူတွေက ငြင်းပယ်ကြ..


ကဲ…ကဗျာရေ..

စကားလုံးရိက္ခာတွေကိုထမ်းပိုးရင်း

မင်းနဲ့ငါ နှစ်ယောက်တည်း

အနိမ္မလမ်းစဉ်အဆုံး

မိုးကုပ်စက်ဝိုင်းတစ်ဘက်

ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်ကြတာပေါ့…


အတိတ်က သတိရခြင်းထဲမှာ

စိမ်းလန်းတဲ့မြင်ခင်းလွင်ပြင်တွေရယ်

နူးညံ့တဲ့ ပိုးသားမနက်ခင်းတွေလည်းပါတယ်။

နောက်ပြီး…

ဆော်လမွန်တွေ…

တောအုပ်တွေ…

ပင်လယ်ကမ်းခြေက သဲပွင့်မွမွတွေ…

ရနံ့တွေပြင်းရှနေတဲ့ နှုတ်ခမ်းတစ်စုံလည်း ပါရဲ့…


တစ်ခါတစ်လေတော့လည်း

ချော်ရည်ပူတွေစီးကျ…

ပွက်ပွက်ထ ငရဲမီးတောင်တစ်ခုလည်း

ရင်ဘတ်ထဲ သိုဝှက်ခဲ့ဘူးတယ်။


မထူးဆန်းတော့ပါဘူး…

အိပ်မက်တွေက အိပ်မက်အဖြစ်ဆက်မက်ချင်နေရုံပါ

ကျေးဇူးပြုပြီး…

မလှုပ်နှိုးလိုက်ပါနဲ့

ခရမ်းရင့်ရင့်ပန်းတစ်ပွင့်ရေ….