အရှင်

အမိန့်ပေးပါ

တောင်စွယ်နေကွယ်တော့မယ်…

လက်တစ်ကမ်းမှာ

ပြာရီရီ ဝိဥာဉ်တွေစောင့်ကြိုလို့

ခရီးတစ်ခုစဖို့ စိတ်ရှည်လက်ရှည်

စောင့်နေလေရဲ့။


အရှင်

အမိန့်ပေးပါ

ရဲဆေးအရှိန်တွေပြယ်တော့မယ်…

ချွန်မြတဲ့ဓါးနဲ့အတူ

“ဝှီး” ခနဲနေအောင်လွှဲနေကြလက်တွေ

ဒီတစ်ခါ အေးစက်တောင့်တင်းနေလေရဲ့။


အရှင်

အမိန့်ပေးပါ

လရောင်တောင်ပြူတော့မယ်…

နှလုံးသားကို ဆွဲချမယ့်ကြိုးပေါ်မှာ

အနီရောင် လိပ်ပြာတစ်ကောင်

နားနေလေရဲ့။


အရှင်

အမိန့်ပေးပါ

ညဥ့်ငှက်တွေ အစာရှာထွက်ရော့မယ်…

ကိုယ့်ကိုမြှုပ်နှံမယ့်ဂူနားက

ညမွှေးပန်းတွေတောင်

မွှေးထုံနေလေရဲ့။

1 comments:

လှလိုက်တာ...
ကဗျာ ကို ဖတ်ယင်း အဲဒီ့နေရာရောက်သွားတယ် ..
ရုင်ရှင်တစ်ခုကြည့်နေရသလို ..ပန်းချီကားတစ်ခုကြည့်နေရသလိုပဲ..
ဆွေးဆွေးနင့်နင့် နဲ့ .. တစ်မျိုးပဲ ခံစားရတယ် ..
အထပ်ထပ်အလွတ်ရအောင်ဖတ်တဲ့ အထိ မ ရိုးတဲ့ ကဗျာတွေထဲက တစ်ပုဒ် ပဲ..

Post a Comment