ငါ့ကို…

ငြင်းပယ်ကြ…

တိမ်တွေက ငြင်းပယ်ကြ..

လူတွေက ငြင်းပယ်ကြ…

ငါ့တစ်ကိုယ်ရည် ဝေဝါးမှုတွေက ငြင်းပယ်ကြ..

ဖော်မလင်အိပ်မက်တွေက ငါ့ကို ငြင်းပယ်ကြ..

ငါချစ်သူတွေက ငြင်းပယ်ကြ..


ကဲ…ကဗျာရေ..

စကားလုံးရိက္ခာတွေကိုထမ်းပိုးရင်း

မင်းနဲ့ငါ နှစ်ယောက်တည်း

အနိမ္မလမ်းစဉ်အဆုံး

မိုးကုပ်စက်ဝိုင်းတစ်ဘက်

ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်ကြတာပေါ့…


အတိတ်က သတိရခြင်းထဲမှာ

စိမ်းလန်းတဲ့မြင်ခင်းလွင်ပြင်တွေရယ်

နူးညံ့တဲ့ ပိုးသားမနက်ခင်းတွေလည်းပါတယ်။

နောက်ပြီး…

ဆော်လမွန်တွေ…

တောအုပ်တွေ…

ပင်လယ်ကမ်းခြေက သဲပွင့်မွမွတွေ…

ရနံ့တွေပြင်းရှနေတဲ့ နှုတ်ခမ်းတစ်စုံလည်း ပါရဲ့…


တစ်ခါတစ်လေတော့လည်း

ချော်ရည်ပူတွေစီးကျ…

ပွက်ပွက်ထ ငရဲမီးတောင်တစ်ခုလည်း

ရင်ဘတ်ထဲ သိုဝှက်ခဲ့ဘူးတယ်။


မထူးဆန်းတော့ပါဘူး…

အိပ်မက်တွေက အိပ်မက်အဖြစ်ဆက်မက်ချင်နေရုံပါ

ကျေးဇူးပြုပြီး…

မလှုပ်နှိုးလိုက်ပါနဲ့

ခရမ်းရင့်ရင့်ပန်းတစ်ပွင့်ရေ….