လူပြိန်းတစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာလည်း
အမြဲတမ်းတောက်နေတဲ့ နေတစ်စင်းရှိတယ်။
လူပြိန်းမှမဟုတ်ဘူး
ဆိုက်ကားသမား…..
လေယာဉ်မှုး…..
သူဠေး…..
ကူလီ…
ကလေး….
လူကြီး…
လူမှန်ရင် အနုပညာတောက်လောင်မှုရှိတယ်
သေတော့လည်းဒါနဲ့အဆုံးသတ်
အခိုက်အတန့် အပိုင်းခြားလေးမှာ
တစ်ယောက်ချင်းစီရဲ့
ခံစားမှု၊
အတွေးအခေါ်၊
စိတ်ကူး၊
အနုစိတ်မှု၊
ခြယ်မှုန်းမှု၊
တင်ဆက်မှု၊
ဖန်တီးမှု
အနု အရင့်ကိုလိုက်ပြီး
မီးတောက်
အရောင်ပြောင်းသွားတယ်
ဘယ်လိုခံစားလဲ၊ တင်ဆက်လဲ?
စုတ်တံကိုင်တဲ့လူက အရောင်တွေနဲ့…
စကားလုံးကိုင်တဲ့လူက စာသားတွေနဲ့….
သံစဉ်ကိုင်တဲ့လူက အနိမ့်အမြင့်တွေနဲ့….
အိုင်းစတိုင်းက ရီလေတီဗတီနဲ့
ရှိတ်စပီးယားက ရိုမီယို၊ ဂျူးလိယက်နဲ့
ဗင်ဂိုးက နေကြာပန်းခင်းနဲ့
မိုးဇက်က တေးသွားနဲ့
ဘာမှမတတ်တဲ့လူက ရင်ဘတ်နဲ့….
အဲဒီလို ခံစားတင်ဆက်တယ်။
ဖန်တီးပြီးသားကို နောက်တစ်ခေါက်ဒီပုံစံအတိုင်း
ခံစားပြီးသားကို နောက်တစ်ခေါက်ဒီပုံစံအတိုင်း
ပြန်မရဘူး…
အဲဒီတည်ဆောက်တဲ့ အခိုက်အတန့်
ဈာန်ရတဲ့ စက္ကန့်တွေပဲ တန်ဖိုးရှိတာ…
သေချာတာက အလွတ်ကျက်ထားတဲ့
သီအိုရီတွေ၊
ဖော်မြူလာတွေ၊
အီကွေးရှင်းတွေနဲ့
ဘောင်ခတ်လို့မရဘူး….
ခံစားသူနဲ့ ဖန်တီးသူ
အကြိုက်ချင်းတူရင်
ခံစားချက်ချင်းတူရင်
ပြီးပြီ။
အဲဒီလူပြိန်းက သူ့အနုပညာကို
မာကတ်တင်းမဆင်းဘူး…
တန်ဖိုးမသတ်မှတ်ဘူး
လိုချင်ရင်တော့
အလကားပေးတတ်တယ်…
အမှားရှိလို့စေတနာနဲ့ ထောက်ပြရင်လက်ခံတယ်
ဆဲစာရေးတိုင်း အနုပညာမဟုတ်သလို
ချီးမွမ်းတိုင်းလည်း အနုပညာမမြောက်ဘူး…
မြှေက်တိုင်းသာ က, ရရင်
လူပြိန်း ရေခဲကပ်ရမယ်….
ခြောက်တိုင်းကြောက်ရင်လည်း
ရှင်လျက် အခေါင်းထဲရောက်နေလိမ့်မယ်….
သေချာတာကတော့ လူပြိန်းရဲ့ရင်ဘတ်ထဲမှာလည်း
အမြဲတမ်းတောက်လောင်နေတဲ့ အနုပညာကြယ်(ဝါ)နေတစ်စင်းရှိတယ်။
မှတ်ချက်။ ။ လူပြိန်းတစ်ကောင်ရဲ့ သန်းခေါင်ယံအနုပညာရှင်းတမ်း…..
0 comments:
Post a Comment