မွဲခြောက်ခြောက်လူတွေကြား လျှောက်သွားရင်း

ဒေါင်ကျကျ ပြားကျကျ

လမ်းမကပြောတယ်

အလျားလိုက် မကျစေနဲ့တဲ့။


ဂဏန်းသွားသွားတဲ့

လူတစ်ယောက်နဲ့

ခလုတ်ဝင်တိုက်တော့

သူက “ဟေ့လူ ဘာလို့အတည့်သွားနေတာလဲ” တဲ့။


ဆက်လျှောက်လာရင်း

တံငါသည် တစ်ယောက်နဲ့တွေ့တော့

သမုဒ္ဒရာကြီးကို စုပ်ထုတ်ပြီး

ငါးလိုက်ကောက်မလို့ တဲ့။


ဒါနဲ့ ရုပ်သေးကြိုးဝိုင်း ဝင်ကြည့်မိရဲ့

လူတွေကို ကြိုးတပ်ပြီး ကတဲ့

ရုပ်သေးဆရာ သူ့ကြိုးနဲ့သူ့ကိုပြန်ပတ်နေတာ

သူမသိလိုက်ဘူး။


ဈေးသည်တွေရဲ့ ဗန်းထဲမှာလည်း

ကုမ္ပဏီတွေပုံလို့

၁၀၀ ဖိုးကို ၃ ခုဆိုလား...

“ပူပူနွေးနွေး ယူဦးမလား အစ်ကို” တဲ့။


အချုပ်ထောင်နားရောက်တော့

လှောင်ချိုင့်ထဲက တရားသူကြီးက

“လုပ်ပါဦးကွာ ငါလာဘ်ယူမှုနဲ့

ထောင်ကျနေလို့ကွ” တဲ့။


ဆံသဆိုင်ထဲမှာတော့

ဦးနှောက်တွေ

အစုလိုက် အပုံလိုက်

သွေးအေးအေးနဲ့

အညှပ်ခံနေရတယ်။


ဒါနဲ့ ကမ်းစပ်မှာခဏထိုင်နေတုန်း

မိတ်ကပ်လိမ်းထားတဲ့ ပွဲတော်တွေ

ငါ့နောက်က

တသုတ်ပြီးတသုတ်

ရယ်လိုက်၊ ငိုလိုက်နဲ့

လျှောက်သွားကြတယ်။


ငပေမလေးရယ်

ငါလမ်းမကို ငုံပြောလိုက်တယ်

ဒေါင်လိုက်ရယ် အပြားလိုက်ရယ်

ငါ့ကိုယ်ငါ လွှတ်ချလိုက်တော့မယ်လို့။

3 comments:

Anonymous said... 7:54 PM  

နည်းနည်းမြင့်တယ်နော်.. =) ဒါပေမဲ့မိုက်တယ်..

Anonymous said... 10:51 PM  

(ဆံသဆိုင်ထဲမှာတော့

ဦးနှောက်တွေ

အစုလိုက် အပုံလိုက်

သွေးအေးအေးနဲ့

အညှပ်ခံနေရတယ်။)

ဒီအပိုဒ်နဲ့ နောက်ဆုံးအပိုဒ်ကို သိပ်ကြိုက်တယ်..း)

ဒီမိုပြောသလို နည်း၂မြင့်တယ်ကွယ်း)

မဂျစ်ရော ဆံပင်ညှပ်ဦးမလား?း)

Post a Comment