ဖြစ်နိုင်ရင်လေ မိုင်တွေကိုချုံ့
မြေပုံပေါ်မှာ မတ်တပ်ရပ်ရင်း
ထိုမြို့ကို လှမ်းလျှောက်လိုက်ချင်ရဲ့...
မပြည့်စုံတဲ့ဘဝ
လိုတမရတဲ့ဘဝထဲ
မလာပါနဲ့လို့လည်း မပြောရက်ဘူး..
မဖြစ်နိုင်မှန်းသိရက်နဲ့လည်း
လိုချင်တယ်
အမေရယ်
ထမင်းဆီဆမ်း တစ်ပန်းကန်လောက်
ကျွန်တော့် လမင်းဆီကတောင်းပေးပါဗျာ....
သွေးအေးလွန်းတဲ့ရက်တွေ
ရေခဲတောင်ပေါ်ကပျော်ကျလာရင်း
ကျွန်တော့် ရင်ဘတ်ကို
တိုက်စားသွားတယ်။
တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လို့ပေါ့။
နေ့နဲ့ည မှားနေတာလည်းများပြီ...
ဒါတောင် အလင်းငတ်တုန်း။
“လွမ်းတယ်....” ဆိုတဲ့
စကားလုံးထက်ကောင်းတာရှိရင်
ကျွန်တော့် အဘိဓာန်ထဲမှာ
ရေးမှတ်ထားလိုက်မယ်။
တစ်နေ့နေ့မှာ
သူမကို
ရွတ်ပြလိုက်ဖို့ပေါ့။
2 comments:
ဒီကဗျာကို အတော်လေး ကြိုက်တယ်း)
ဒီဝိုင်း ရင်ထဲမှာ အဲဒီ “သူမ” ဆိုတာ တကယ်ရှိလားဟင် ?
ကဗျာလေးက ကောင်းပါတယ်။
Post a Comment