ကန်လာကာအဖွင့်မှာ

လက်ခုပ်သံတဖြောင်းဖြောင်း

ဆလိုက်မီးရောင် လှိုင်းစုံအောက်က

ဇာတ်ခုံပေါ်မှာ

အသုံးတော်ခံ

အပြုံးတော်ခံ


လူတကာ အတွက်

နောက်ပြီး သူမအတွက်

ပျော်တော်ဆက်ရင်း


သြဘာသံတွေကို

ကြာပွတ်ကြောက်တဲ့

ကျားတစ်ကောင်လို

နာခံသူဆိုလည်းမမှား

သူများအားပေးတိုင်း “က က” နေရတာ

ပင်ပန်းတယ်။


နောက်ကျွမ်းလေးဟဲ့

ဘာတဲ့....

ရှေ့ကျွမ်းလေးထိုးလိုက်ပါဦး

ရီမောသံတွေက

ဇာတ်ရုံ ပြိုလုမတတ်

ငါ့နားနဲ့ မဆံ့တော့ဘူး။


အနိုင်နဲ့ပိုင်းချင်တဲ့

ခင်ဗျားအတွက်

ပြက်လုံး တစ်ခုရှိတယ်

ဇာတ်ခုံ အနောက်ကိုလာခဲ့

တိုးတိုးလေးပြောပြမယ်...


လူရွှင်တော် ဝင်ကလည်း

အလွမ်းဇာတ်က

တသောသောနဲ့

အူတက်နေကြပါလေရော...

ငါတစ်ကယ် ရင်ကွဲနေတာတော့

ဘယ်သူမှမသိ...


ကဲ.....

ကန်လန်ကာ မြန်မြန်ပိတ်လိုက်ပါ

ဒီမှာ လူပြက်တစ်ယောက်

နှလုံးခုန်သံရပ်တန့် ပြီး

မူး...မေ့...လဲ...ကျ

ပရိတ်သတ်ကတော့

ကမ္ဘာကျော်ပြက်လုံးအမှတ်နဲ့

အော်ရီလို့ ကောင်းနေတုန်းပါလား......။

2 comments:

ဒီကဗျာလေးကောင်းတယ်..
ခံစား ရပါတယ် ..

ဟုတ်ပါတယ်...လူပြက် သနားစရာ.....။

Post a Comment