လုံလုံခြုံခြုံ ခြုံထားပါရက်က
ငါ့မြစ်တစ်စင်း ခဏခဏ
လှစ်ကနဲ စီးဆင်းသွား
ပြန်ပြန် တည့်မတ်ရတာ
မောတယ်...
လက်ကြားက စိမ့်ယိုသွားတဲ့
အလင်းတန်းတွေကို ခိုးခိုးကြည့်ရင်း
အိပ်တန်းတက်ချိန်ဆိုတာလည်း
နောက်ကျ....
အားလုံးထက် နောက်ကျ....
ကောင်းကင်ရဲ့ လှောင့်ချိုင့်အဆုံးကိုရှာ
ထွက်ပေါက်မဲ့ အပြာရောင်ကြား ပျောက်ဆုံး
ဘဝမှာ ပျံသန်းချိန်တွေသာ
တိုးတိုးလာခဲ့ရ။
ဟင်းလင်းပြင်ရဲ့ ဝတ်လစ်စလစ် ဂီတ
တစ်စစီ လိုက်ကောက်နေရင်းက
ငါ့ ဥသြ လည်း
တေ....လေ....သင်း....ကွဲ
ကျေးဇူးပြုပြီး
နွေဦးရယ် မဝင်ခဲ့ပါနဲ့ဦး။
လွှင့်ပစ်လိုက်စမ်းပါ
ကာရံတွေ ဘဝဒဿနတွေ
ငါ့ရင်ခွင်မှာ
ဗလာစာမျက်နှာ တွေသာ ချန်ခဲ့။
သုညတစ်ကောင်လို
ကိုယ့်အမြှီးကိုယ်ကိုက်
မြို့ပြထဲမှာ
အေးအေးဆေးဆေး
လှိမ့်နေလိုက်မယ်။
3 comments:
ဆရာဒီဝိုင်းကဗျာတွေက တကယ်မှော်အောင်ပါတယ်ရှင်..
"ကောင်းကင်ရဲ့ လှောင့်ချိုင့်အဆုံးကိုရှာ
ထွက်ပေါက်မဲ့ အပြာရောင်ကြား ပျောက်ဆုံး
ဘဝမှာ ပျံသန်းချိန်တွေသာ
တိုးတိုးလာခဲ့ရ။"
အဲဒီအပိုဒ် ကြိုက်တယ် ..
ပြီးတော့ မအိမ့်ပြောတာလည်း ထောက်ခံတယ် ^.^
တို့အတွက်တော့ ပထမဆုံးအပိုဒ်က အထိဆုံးပဲ ။
Post a Comment